Home သတင်း တော်လှန်ရေးအောင်မြင်ရန် ညီညွှတ်မှုကအရေးကြီးကြောင်း NUG ပြော

တော်လှန်ရေးအောင်မြင်ရန် ညီညွှတ်မှုကအရေးကြီးကြောင်း NUG ပြော

418
Photo: NUG(MOD)

ဧပြီ (၁၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင်စနစ်ကိုတော်လှန်ရေးအောင်မြင်ရန် တော်လှန်ရေးအဖွဲ့အစည်းများကြား၊ ပြည်သူများကြား ညီညွှတ်မှုကအရေးကြီးကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ဧပြီ(၁၆)ရက်နေ့တွင် ပြောသည်။

တိုင်းပြည်၏အရင်းအမြစ်များဖြင့် ဆယ်စုနှစ်ကြာ အာဏာတည်ဆောက်လာသော စစ်အုပ်စုနှင့်စစ်တပ်ယန္တရားကို ရင်ဆိုင်ရန်၊ ငြိမ်းချမ်းလွတ်လပ်သည့်နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို တည်ထောင်ရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူများအားလုံး စည်းလုံးညီညွှတ်မှုကအရေးကြီးသည်ဟု NUG ဖွဲ့စည်းမှု(၅)နှစ်ပြည့် မိန့်ခွန်းတွင် ယာယီသမ္မတက ပြောဆိုထားခြင်းဖြစ်သည်။

“တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိကသော့ချက်က ညီညွှတ်မှုဖြစ်ပါတယ်။ ကျနော်တို့အချင်းချင်းကြားမှာ ပြစ်တင်ကဲ့ရဲ့တာတွေကိုရှောင်ပြီး လက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်ရမယ်။ တော်လှန်ရေးအရှိန်ပျက်အောင် လှုံ့ဆော်နေသူတွေကိုသတိပြုပြီး တော်လှန်ရေးကိုအထောက်အကူပြုမယ့် ဝေဖန်အကြံပြုချက်တွေကိုသာ ဝန်းရံကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒူဝါလရှီးလက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၃၀)ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့ပါဝင်မှုဖြင့် ဖွဲ့စည်းလိုက်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF သည်လည်း တော်လှန်သောညီညွှတ်ရေးအင်အားစုပေါ်ပေါက်လာခြင်းကို သက်သေပြရာရောက်ကြောင်း NUG ၏(၅)နှစ်ပြည့် မိန့်ခွန်းက ဖော်ပြသည်။

SCEF တွင် NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH တို့ပါဝင်နေပြီး တော်လှန်ရေးအင်အားစုများ ထပ်မံပါဝင်လာနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ယခင်နှင့်လက်ရှိ တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းနှင့်ချီသောမယုံကြည်မှုများ၊ အိမ်နီးချင်းနိုင်ငံများ၏လွှမ်းမိုးမှုကြောင့် စည်းလုံးညီညွှတ်မှုကိုအဟန့်အတားဖြစ်နေသော်လည်း စစ်အာဏာရှင်စနစ်ဖျက်သိမ်းခြင်းက တူညီသောရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ထောက်ပြသွားသည်။

ထို့အတူ စစ်အုပ်စုလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည်၊ တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင်လက်အောက်ခံဘဝမှနှုတ်ထွက်ပြီး ပြည်သူ့တပ်မတော်၏ဂုဏ်သိက္ခာကို အဖက်ဆယ်ကြရန် တိုက်တွန်းထားသည်။

အာဏာသိမ်းပြီးပြီးချင်း စစ်အုပ်စု၏ဖမ်းဆီးအကျဥ်းချခံလိုက်ရသည့် ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဥ်းသားများ၊ မတရားဖမ်းဆီးချုပ်နှောင်ထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ယာယီသမ္မတ၏မိန့်ခွန်းအတွင်း တောင်းဆိုသွားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင်ဖြစ်ပွားခဲ့သော စစ်တပ်ကနိုင်ငံ့အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ရန် ၂၀၂၀ ခုနှစ်၏ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH ကဦးဆောင်ကာ ၂၀၂၁၊ ဧပြီ(၁၆)ရက်နေ့တွင် NUG ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NUG ဖွဲ့စည်းချိန်က ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဝန်ကြီးဌာန(၁၃)ခုဖြင့် စတင်ခဲ့သည်။ လက်ရှိ NUG တွင် ဥရောပပါလီမန် ၏ အသိအမှတ်ပြုမှုအပါအဝင် နိုင်ငံတကာဆက်ဆံရေးများရှိထားသလို တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ဆက်ဆံရေး ထူထောင်ထားရှိသည်။

၂၀၂၁ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းပေါင်း(၃၀၀)ကျော်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမိန့်ပေးကွပ်ကဲမှုအောက်တွင်ရှိ၍ ပြည်တွင်းတော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း စစ်ရေးပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။