Home သတင်း မူတြော်ခရိုင်တွင် သင်္ကြန်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ဒေသခံ(၄)ဦးသေ၊ (၁၃)ဦး ဒဏ်ရာရ

မူတြော်ခရိုင်တွင် သင်္ကြန်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ဒေသခံ(၄)ဦးသေ၊ (၁၃)ဦး ဒဏ်ရာရ

472
Photo: CJ

ဧပြီ (၁၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်(မူတြော်)ခရိုင်တွင် အတာသင်္ကြန်ကာလ ဧပြီ(၁၃)ရက်မှ (၁၆)ရက်နေ့အတွင်း စစ်အုပ်စုကလေကြောင်းဗုံးကြဲတိုက်ခိုက်မှု မပြတ်လုပ်ဆောင်နေ၍ ဒေသခံ(၄)ဦးသေဆုံးကာ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း တပ်မဟာ(၅)ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ဖာပွန်မြို့အနီးကျေးရွာများအပါအဝင် ကေအဲန်ယူထိန်းချုပ်ထားသည့် လူသောမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့(ဧပြီ ၁၅ ရက်နေ့)တစ်ရက်တည်း ဂျက်ဖိုက်တာကြောင့် လူသော၊ ခဲပရွာတွင် ဒေသခံ(၄)ဦးအထိသေဆုံးရုပ်အလောင်း တွေ့ရှိထားသည်။ နောက်ထပ်ဒေသခံ (၁၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု စောကလယ်ဒို့ကပြောသည်။

“မနေ့က ညနေ(၃)နာရီလောက်မှာ ခဲပရွာကိုလေယာဥ်နဲ့တိုက်ခိုက်တာ၊ သူ့နားဝန်းကျင်ကအခြားနေရာတွေကိုလည်း နည်းနည်းလိုက်ပစ်သေးတယ်။ သေတာ(၄)ယောက်တော့တွေ့ပြီ။ ဒဏ်ရာရတာ (၁၃)ယောက်။ အဲဒီနေ့ညပိုင်းလည်း လေယာဥ်လာကြဲသွားသေးတယ် ဘာမှတော့ထိခိုက်မှုမရှိဘူး” ဟု စောကလယ်ဒို့က ပြောသည်။

ထို့အပြင် လူထုနေထိုင်ရာကျေးရွာအတွင်းဖြစ်၍ နေအိမ်(၉)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူပြောခွင့်ရသူက ဆိုသည်။

ယနေ့ သင်္ကြန်နောက်ဆုံးရက်(ဧပြီ ၁၆ ရက်)မနက်ပိုင်းတွင်လည်း လူသောမြို့နယ်အတွင်း ထပ်မံ၍လေကြောင်းဗုံးကြဲတိုက်ခိုက် သွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရပြီး ထိခိုက်မှုအသေးစိတ်ကို ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ဧပြီ(၁၃)နှင့်(၁၄)ရက်နေ့က ဖာပွန်မြို့အနီးလေကြောင်းတိုက်ခိုက်မှုများတွင်မူ ဒေသခံထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ်နှင့်အိမ်မွေးတိရစ္ဆာန်အချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

အများပြည်သူ ကုသိုလ်ယူ၊ လည်ပတ်အပန်းဖြေကြသည့် မြန်မာနှစ်သစ်ကူးပွဲတော် အတာသင်္ကြန်ကာလအတွင်း မြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲ၊ ရေကစားပွဲများဖြင့်စည်ကားနေသော်လည်း ကရင်ပြည်နယ်၊ ဖာပွန်အပါအဝင် လှိုင်းဘွဲ၊ ကော့ကရိတ်နှင့် နယ်စပ်ဒေသမြဝတီတောင်ပိုင်းများ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲဖြစ်ပေါ်နေသည့်ဒေသများအပြင် တိုက်ပွဲမရှိသည့်ဒေသ လူနေကျေးရွာများဘက်ကိုပါ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။