Home သတင်း မြန်မာဘက်ပို့ရန် မှောင်ခိုသယ်ဆောင်လာသည့် စက်သုံးဆီလီတာ တစ်သောင်းကျော် မဲဆောက်တွင် ဖမ်းမိ

မြန်မာဘက်ပို့ရန် မှောင်ခိုသယ်ဆောင်လာသည့် စက်သုံးဆီလီတာ တစ်သောင်းကျော် မဲဆောက်တွင် ဖမ်းမိ

366
Photo: Social Media

မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံဘက်သို့ ပို့ရန် တရားမဝင် သယ်ဆောင်လာသည့် စက်သုံးဆီ လီတာ ၁၀,၈၀၀(တစ်သောင်းရှစ်ရာ) ကို ယမန်နေ့ (မတ်လ ၁၀ ရက်) နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝန်ကျေးရွာအုပ်စု အမှတ် (၅) ရပ်ကွက်တွင် မဲဆောက်အာဏာပိုင်အဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာများမှ သိရသည်။

ယမန်နေ့ ညနေ (၄) နာရီဝန်းကျင်က သတင်းပေးတိုင်ကြားချက်အရ အဆိုပါကျေးရွာအတွင်း မြန်မာနိုင်ငံဘက်သို့ ပို့ရန် ပြင်ဆင်သိုလှောင်ထားသည့် ဆီပေပါများ၊ ဆီသိုလှောင်ကန်များနှင့် ဆီတင်မော်တော်ယာဉ်တစ်စီးဖြင့် စုစုပေါင်း စက်သုံးဆီလီတာ (၁၀,၈၀၀) ကို အာဏာပိုင်များက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

တရားမဝင် ဆီမှောင်ခိုသယ်ဆောင်မှု ကျူးလွန်သူများကို အရေးယူနိုင်ရန် မဲဆောက်အာဏာပိုင်များက သက်ဆိုင်ရာ တာဝန်ရှိသူများထံ သက်သေခံပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း အာဏာပိုင်အဖွဲ့ ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။

ဖမ်းဆီးမှုကို မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့၊ မဲဆောက်ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မီဒီယာများက ဆိုသည်။

Photo: Social Media

အီရန်စစ်ပဋိပက္ခကြောင့် ပြီးခဲ့သည့် မတ်လဆန်းပိုင်းကတည်းက မြန်မာနိုင်ငံအတွင်း ဆီအလုအယက် ဝယ်ယူမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ဆီပြတ်လပ်မှုနှင့် ကန့်သတ်ရောင်းချမှုများ ရှိလာသည်။

၎င်းတွင် မြန်မာဘက် မော်တော်ယာဉ်များသည် မြဝတီနယ်စပ်ကို ဖြတ်၍ မဲဆောက်မြို့နယ်အတွင်းထိ ဆီသွားရောက်ဝယ်ယူမှု ရှိလာသော်လည်း လိုအပ်သည်ထက် ပိုဝယ်ယူခြင်းအပြင် ဈေးမြှင့်၍ ဆီမှောင်ခိုရောင်းသည့် ဈေးကွက်အထိ ဖြစ်ပေါ်နေသည်ဟု နယ်စပ်မော်တော်ယာဉ် အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ထို့ကြောင့် ယခုတလောတွင် မဲဆောက်ဘက်က ဆီဆိုင်အချို့သည် မြန်မာမော်တော်ယာဉ်များထံ ဆီရောင်းမပေးတော့သည့် အခြေအနေအထိ ရှိလာပြီး ထိုင်းတာဝန်ရှိသူများကလည်း ဆီမှောင်ခို သယ်ဆောင်ရောင်းချမှုကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။