မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူ)၊ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်သူ စစ်အုပ်စုသည် ယနေ့ အချိန်ထိ တပ်စွဲအခြေချနေဆဲဖြစ်ပြီး ဖမ်းဆီးထားသည့် ဒေသခံ (၃၀၀) ကျော်ကို မတ်လ (၇) ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့မှ ကယ်ထုတ်ပြီးစီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့က ပိန်းဇလုပ်မြို့အနီး ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်း ကျေးရွာများတွင် စစ်အုပ်စု စစ်ကြောင်းဝင်လာပြီး ကိုယ်ဝန်ဆောင်သည်၊ အသက် (၆) နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ (၃၀) ကျော်ကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် လူသားဒိုင်းလုပ် ဖမ်းဆီးခံရသူ ပြည်သူ (၃၀၀) ကျော်အား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်က သွားရောက်ကယ်ထုတ်ခဲ့ကြောင်း ကေအဲန်ယူနှင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်သည်။
စစ်အုပ်စုနှင့် KNLA ပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်မှုပြီးနောက် ယနေ့အထိ ရေတွင်း ကုန်းကျေးရွာတွင် စစ်အုပ်စု တပ်စွဲထားပြီး ဒေသခံများလည်း နီးစပ်ရာ ရှောင်တိမ်းနေရသည်ဟု ကေအဲန်ယူဘက်က ဆိုသည်။
“စစ်တပ်က ရေတွင်းကုန်းရွာထဲမှာ ရှိတုန်းပဲ။ ကျနော်တို့ စောင့်ကြည့်နေတယ်။ သူတို့ ရှေ့ဆက်တက် လာလို့ မရအောင် တားဆီးသွားမယ်။ အဲဒီအနီးအနားက ရွာသားတွေကတော့ သူတို့ နီးစပ်ရာ ဘေးလွတ်ရာမှာ ရှိနေတယ်။” ဟု ကေအဲန်ယူ၏ ညောင်လေးပင်ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပိန်းဇလုပ်အခြေစိုက် စစ်အုပ်စု ခြေလျင်တပ်ရင်း ခလရ-၂၆၄ ပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုအတွင်း လေကြောင်းပစ်ကူလည်း ပေးခဲ့သဖြင့် အမျိုးသမီး (၁၇) ဦး ပါဝင်သော ဒေသခံ (၂၅) ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့နောက် ယင်းစစ်ကြောင်းသည် ရွာအတွင်း ဖမ်းဆီးထားသည့် ဒေသခံများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေး ဝန်ကြီးဌာနက ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်သည်။

ဒေသတွင်း သတင်းအရင်းအမြစ်များထံ စုံစမ်းချက်အရ တော်လှန်ရေးတပ်များ အစောပိုင်း နယ်မြေစိုးမိုးထားသည့် အဆိုပါကျေးရွာများသို့ မတ်လ (၅) ရက်နေ့က စစ်အုပ်စုစစ်ကြောင်း ရုတ်တရတ် ဝင်ရောက်လာသဖြင့် ဒေသခံများ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
ကျောက်ကြီးဒေသခံ အမျိုးသားတစ်ဦးက “အရင်တုန်းက တော်လှန်ရေးတပ် စိုးမိုးထား တဲ့နေရာတွေလေ၊ (၂၆၄) နဲ့ နည်းနည်းပဲဝေးတယ်။ တိုက်ပွဲမဖြစ်ခင် ညပိုင်းမှာ စကစ အဖွဲ့တွေ ရွာနားမှာ လာကပ်တယ်။ နောက်တစ်ဖွဲ့က ပဲတင်တဲ့ကားနဲ့ ခိုးလိုက်လာပြီး ရွာထဲရောက်တော့ တိုက်ပွဲဖြစ်ကြတာလို့ ကြားတယ်။ ရွာကလူတွေက နေမြဲအတိုင်း နေနေတာ၊ သတင်းလေး ပေါက်ရင်တော့ တစ်မျိုးပေါ့။ ရုတ်တရတ်ကြီးဆိုတော့ ရှောင်ချိန်မရလိုက်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ဒေသခံ (၃၀၀) ကျော်ကို သွားရောက်ကယ်ထုတ်သည့် တိုက်ပွဲအတွင်း မဟာမိတ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိသလို စစ်အုပ်စုဘက်ကလည်း (၁၀) ယောက်ထက်မနည်း သေဆုံးကာ (၂၀) ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
စစ်တောင်းမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည့် ရေတွင်းကုန်းကျေးရွာနှင့် အနီးအနား ဒေသခံများမှာ လတ်တလော ဘေးလွတ်ရာတွင် ရွှေ့ပြောင်းစစ်ရှောင်ကြရပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားမည့် အခြေအနေရှိကြောင်းလည်း တော်လှန်ရေးတပ်ဘက်က ဆိုသည်။
ပြည်သူကယ်ထုတ်သည့် စစ်ဆင်ရေးကို KNLA ၏ ကွန်မန်ဒိုတပ်ဖွဲ့၊ တပ်ရင်း (၇)၊ တပ်ရင်း (၉)၊ ဒရုန်းတပ်ဖွဲ့နှင့် NUG ၏ ပဲခူးတိုင်းစစ်ဌာန (၃၇၀၂) တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း၊ (၃၇၀၃) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။



















