Home သတင်း အစိုးရဝန်ထမ်းများကို Work from Home လုပ်ရန် ထိုင်းအစိုးရက တရားဝင်အမိန့်ထုတ်ပြန်၊ ပြည်ပခရီးစဉ်များ ရပ်ဆိုင်းထားရန် ညွှန်ကြားထား

အစိုးရဝန်ထမ်းများကို Work from Home လုပ်ရန် ထိုင်းအစိုးရက တရားဝင်အမိန့်ထုတ်ပြန်၊ ပြည်ပခရီးစဉ်များ ရပ်ဆိုင်းထားရန် ညွှန်ကြားထား

420
Photo: Bangkok Post

မတ်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်းရှိ အစိုးရဌာနများနှင့် နိုင်ငံပိုင်လုပ်ငန်းများမှ ဝန်ထမ်းများအနေဖြင့် နေအိမ်ကနေ အလုပ်လုပ်ရမည့် (Work from Home) အမိန့်ကို ထိုင်းယာယီဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ်က ယနေ့တွင် တရားဝင် ညွှန်ကြားလိုက်သည်။

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုများကို တုံ့ပြန်ဆောင်ရွက်သည့် အစီအမံများထဲမှ တစ်စိတ်တစ်ဒေသအဖြစ် နေအိမ်မှနေ၍ အလုပ်လုပ်ကြရမည်ဖြစ်ပြီး ပြည်ပခရီးစဉ်များကို ရပ်ဆိုင်းထားရန်လည်း ယာယီဝန်ကြီးချုပ်က ညွှန်ကြားထားသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြရေးသားသည်။

နေအိမ်မှ အလုပ်လုပ်ရမည့်သူများတွင် ပြည်သူလူထုကို တိုက်ရိုက်ဝန်ဆောင်မှုပေးရသည့် ဌာနများမှလွဲပြီး ကျန်ရှိသော အစိုးရဌာနများနှင့် နိုင်ငံပိုင်လုပ်ငန်းများအားလုံး အကျုံးဝင်မည်ဖြစ်ကာ စွမ်းအင်ချွေတာသည့်အနေဖြင့် ယခုလို အမိန့်ထုတ်ပြန်ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ထိုင်းနိုင်ငံ၏ လောင်စာဆီလုံခြုံရေးအပေါ် သက်ရောက်မှုများကို လျှော့ချနိုင်ရန်အတွက် ဝန်ကြီးချုပ်၏ အမိန့်ညွှန်ကြားချက်ကို အစိုးရအဖွဲ့က ယနေ့ မတ်လ ၁၀ ရက်နေ့တွင် အသိအမှတ်ပြု လက်ခံခဲ့ကြောင်း အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ လလိဒါ ပီရိဆဝီဝပ်တနာ (Lalida Periswiwatana) က ပြောကြားခဲ့သည်ဟု ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။

ထို့အပြင် စီစဉ်ထားသည့် ပြည်ပလေ့လာရေးခရီးစဉ်များနှင့် ညီလာခံတက်ရောက်မည့် ခရီးစဉ်များကိုလည်း ရပ်ဆိုင်းထားရမည်ဖြစ်သည်ဟု ဆိုသည်။

အလားတူ စွမ်းအင်ဝန်ကြီးဌာနကလည်း အစိုးရနှင့် ပုဂ္ဂလိကရုံးခန်းများရှိ လေအေးပေးစက်အပူချိန်ကို ၂၆ မှ ၂၇ ဒီဂရီစင်တီဂရိတ်အထိ မြှင့်တင်ထားရန် အကြံပြုထားသလို ဝန်ထမ်းများအနေဖြင့် အခမ်းအနားများမှလွဲ၍ နက်တိုင် (Necktie) မပါသော လက်တိုအင်္ကျီများကို ဝတ်ဆင်ကြရန်၊ မလိုအပ်သော လျှပ်စစ်ပစ္စည်းများကို ပိတ်ထားရန်၊ ဓာတ်လှေကားနှင့် မိတ္တူကူးစက် အသုံးပြုမှုကို လျှော့ချရန်နှင့် အွန်လိုင်းအစည်းအဝေးများကိုသာ ဦးစားပေးပြုလုပ်ရန် တိုက်တွန်းထားသည်။

အကယ်၍ အရှေ့အလယ်ပိုင်းဒေသ အခြေအနေများ ပိုမိုဆိုးရွားလာပါက အစိုးရအနေဖြင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချရန်အတွက် ကြော်ငြာဆိုင်းဘုတ်ကြီးများရှိ မီးအလင်းရောင်များကို မှိန်ချထားမည်ဖြစ်ပြီး အဝေးပြေးလမ်းမကြီးပေါ်ရှိ ဆီဆိုင်များမှလွဲ၍ ကျန်ဓာတ်ဆီဆိုင်များကို ည ၁၀ နာရီတွင် ပိတ်သိမ်းသွားမည်ဟု ဆိုထားသည်။

ဆက်လက်ပြီး စွမ်းအင်ဝန်ကြီးကလည်း ဓာတ်ဆီအခြေခံသည့် လောင်စာသုံးစွဲမှုကို လျှော့ချရန်အတွက် အက်သနော (Ethanol) ၂၀ ရာခိုင်နှုန်း ပါဝင်သည့် E20 ဂတ်ဆိုဟော (Gasohol) ဆီဈေးနှုန်းကို လျှော့ချပေးသွားမည်ဟု ပြောကြားထားသည်။

အလားတူ သန့်စင်ပြီး ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချပြီး စားအုန်းဆီအခြေခံသည့် ဘိုင်အိုဒီဇယ် (Biodiesel) သုံးစွဲမှုကို မြှင့်တင်ရန်အတွက် B5 ဒီဇယ်မှ B7 ဒီဇယ်သို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်ဟုလည်း ဆက်လက်ပြောဆိုထားသည်။

ထိုင်းနိုင်ငံအနေဖြင့် လောင်စာဆီပြတ်လပ်မှု အကျပ်အတည်းနှင့် မရင်ဆိုင်ရသေးကြောင်း စွမ်းအင်ဝန်ကြီးက အတည်ပြုပြောဆိုထားသလို ရက်ပေါင်း ၉၀ ကျော်စာ ရေနံအဆင်သင့်ရှိကြောင်း ထိုင်းမီဒီယာများကို ပြောဆိုထားသည်။