Home သတင်း စစ်အုပ်စု၏ စစ်ရာဇဝတ်မှုအပေါ် အရေးယူပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို OIA တောင်းဆို

စစ်အုပ်စု၏ စစ်ရာဇဝတ်မှုအပေါ် အရေးယူပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို OIA တောင်းဆို

356
Photo: KNU

မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အပါအဝင် အရပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံ အဝေးရောက်ဧရာဝတီအသင်း – O.I.A က တောင်းဆိုသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေအတွင်း ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့က ဖြစ်ပွားခဲ့သော ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ဒေသခံ (၃၀) ထက်မနည်း သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် O.I.A က ယနေ့ (မတ်လ ၁၁ ရက်စွဲ) တွင် ရှုတ်ချ၍ ထုတ်ပြန်တောင်းဆိုထားခြင်း ဖြစ်သည်။

စစ်ရေးနှင့် မသက်ဆိုင်သည့် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်၍ လူ့အခွင့်အရေး အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းလုပ်ရပ် အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်သည့် ပြစ်မှုများကို အာဆီယံအသိုင်းအဝိုင်း၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂက အာရုံစိုက် အရေးယူရမည်ဖြစ်ကြောင်း O.I.A က တောင်းဆိုသည်။

ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်ဘက်က ရရှိထားသည့် စာရင်းအရ ကျောင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင် စစ်အုပ်စု၏ လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်ကြဲချ တိုက်ခိုက်မှု၊ သတ်ဖြတ်ခံရမှုကြောင့် (၆) နှစ်အရွယ် ကလေးငယ်နှင့် ဒေသခံ (၃၀) ဦး သေဆုံးထားသည်။ အသက် (၁) နှစ်အရွယ် ကလေးအပါအဝင် နောက်ထပ်ပြည်သူ (၁၇) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ဆိုသည်။

Photo: KNU

ထို့အပြင် အရပ်သားပြည်သူ (၃၀၀) ကျော် စစ်အုပ်စု လူသားဒိုင်းလုပ် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်ကယ်ဆယ်ခဲ့ရသည်။ ရေတွင်းကုန်းတွင် အခြေစိုက်နေသော စစ်အုပ်စုကြောင့် ဒေသခံများ ယနေ့ထက်ထိ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ကေအဲန်ယူက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စု၏ ပြည်သူများအပေါ် စစ်ရေးပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် O.I.A က ကုလသမဂ္ဂနှင့် နိုင်ငံတကာကို တောင်းဆိုထားသည်။ ထို့အပြင် လက်နက်ကိုင် တပ်ဖွဲ့ အားလုံး ပြည်သူနှင့် သက်ဆိုင်သော စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများ၊ ကျေးရွာများတွင် တပ်စွဲနေထိုင်ခြင်း မလုပ်ရန်လည်း O.I.A က ထည့်သွင်းဖော်ပြသည်။

ညောင်လေးပင်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု ဖြစ်စဉ် နှင့် ပတ်သက်၍ စစ်အုပ်စုဘက်ကမူ ကေအဲန်ယူတပ် ပါဝင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တပ်များနှင့် စစ်အုပ်စု တပ်ဖွဲ့တို့ ရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးအလောင်းများက လက်နက်ကိုင် တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။ တစ်ဖက် တွင်လည်း စစ်အုပ်စုက ရွာသားများ သတ်ဖြတ်ခဲ့ခြင်းမရှိသလို ရွာအတွင်း စစ်ကြောင်းထိုးမှုလည်း မရှိခဲ့ဟု တန်ပြန် သတင်းလွှင့်နေသည်။