Home သတင်း မြဝတီတွင် စစ်အုပ်စု ပြည်သူ့စစ်အဖွဲ့နှင့် DKBA အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွား၊ DKBA တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရ

မြဝတီတွင် စစ်အုပ်စု ပြည်သူ့စစ်အဖွဲ့နှင့် DKBA အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွား၊ DKBA တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရ

418

မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ စစ်အုပ်စု အုပ်ချုပ်ရေးရုံးရှိ ပြည်သူ့စစ်အဖွဲ့များနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့တို့အကြား ယမန်နေ့ မတ်လ ၁၀ ရက် ညပိုင်းက နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး DKBA တပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှိ ပြည်သူ့စစ်အဖွဲ့ဝင်များက အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက် ပြောဆိုခဲ့ရာမှအစပြု၍ ထိုအမျိုးသမီး၏အစ်ကိုဖြစ်သူ ကြည်လင်းဆိုသူ ဦးဆောင်သော DKBA (၉၀၇) တပ်ဖွဲ့ဝင် ၄၀ ခန့် ရောက်ရှိလာကာ နှစ်ဖက်အခြေအတင် စိန်ခေါ်ပြောဆိုရာမှတစ်ဆင့် ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခြေအနေကို သိရှိသည့် မြို့ခံများက ပြောသည်။

“အမှတ် ၃ အုပ်ကြီးဦးရွှေတင် ရုံးထဲက ပြည်သူ့စစ်တွေနဲ့ ပစ်ကြတာ၊ DKBA ကြည်လင်းအဖွဲ့တွေ ကားတွေနဲ့လာပြီး ရုံးထဲက ပြည်သူ့စစ်က စပစ်တာပဲ၊ ဖြစ်တာက ကြည်လင်းညီမကို (ပသစ) ပြည်သူ့ စစ်က ကောင်တွေနဲ့ စိန်ခေါပြီး ရန်ဖြစ်ကြတာကနေ သူ့အစ်ကို DKBA တွေနဲ့ ပစ်တာလို့ သိရတယ်။ DKBA ၆ ယောက် ထိကုန်တာ ၂ ယောက်က ထိတာပြင်းလို့ မြဝတီဆေးရုံကြီးကို ပို့တယ်” ဟု အခင်းဖြစ်အခြေအနေသိသူ မြဝတီမြို့ခံက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခြေလျင်တပ်ရင်း-ခလရ ၂၇၅ တပ်မှ စစ်အုပ်စုတပ်ဖွဲ့များ ရောက်ရှိ လာပြီး ပစ်ခတ်မှုဖြစ်စဉ်က တာဝန်ရှိသူ DKBA တာဝန်ခံများနှင့် အမှတ် ၃ ရပ်ကွက် ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူ၊ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေနှင့် အဖွဲ့များကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ DKBAအဖွဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောရွှေဝက “ဖြစ်စဉ်က အမှန်ပါပဲ။ အခု ဆက်ဆံရေးရုံးက တာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းပြီးသွားပြီ ဖြစ်ပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်း-ကရင်နယ်စပ် မြို့တစ်မျိုးဖြစ်သည့် မြဝတီမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက DKBA လောင်းကစားရုံများ ဖမ်းဆီးမှု၊ အာဝါဒေးပွဲ ခင်းနှင့် ကြက်တိုက်လောင်းကစားဝိုင်း နေရာများအား ဖမ်းဆီးရာတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့များနှင့် လက်နက်ကိုင် အချင်းများမှုများ ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ တပ်ဖွဲ့ဝင်များ အချင်းချင်း ခိုက်ရန်ဖြစ်ပွား ပစ်ခတ်မှုနှင့် စားသောက်ဆိုင်များတွင် သေနတ်ပစ်ဖောက်မှုများ ၅ ကြိမ်ခန့် ဖြစ်ပွားခဲ့သေးကြောင်း မြို့ခံများက ပြောသည်။