Home သတင်း ကျောက်ကြီး၊ ရေတွင်းကုန်းရွာ ဒေသခံ(၄၀)ကျော်ကို စစ်အုပ်စုဖမ်းဆီးထားပြီး လူသားဒိုင်းပြုလုပ်

ကျောက်ကြီး၊ ရေတွင်းကုန်းရွာ ဒေသခံ(၄၀)ကျော်ကို စစ်အုပ်စုဖမ်းဆီးထားပြီး လူသားဒိုင်းပြုလုပ်

494
Photo: KPSN

မတ် (၂၅)ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူ)၊ ကျောက်ကြီး(လယ်ဒို)မြို့နယ် ရေတွင်းကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုက အရပ်သား(၄၀)ကျော်ကို ယနေ့တိုင်ဖမ်းဆီးချုပ်နှောင်ထားပြီး လူသားဒိုင်းပြုလုပ်ထားကြောင်း ခရိုင်ကေအဲန်ယူထံမှ သိရသည်။

ရေတွင်းကုန်းကျေးရွာနှင့်အနီးတဝိုက်သို့ ဝင်လာသောစစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့တိုက်ပွဲကာလ မတ်လပထမအပတ်ကတည်းက ဒေသခံရာနှင့်ချီကို စစ်အုပ်စုကဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်မှကယ်ထုတ်သဖြင့် ထိုအထဲမှအများစု လွတ်မြောက်သွားသော်လည်း ကျန်အရပ်သား(၄၀)ကျော်မှာ ယနေ့တိုင် ဖမ်းဆီးခံအခြေအနေဖြစ်သည်ဟု ဆိုသည်။

ကေအဲန်ယူ၏ လယ်ဒိုမြို့နယ်ပြောခွင့်ရ ပဒိုစောဝါးမူက “ကျနော်တို့ ရရှိထားတဲ့သတင်းအရ ၄၀ ကျော်ကျန်သေးတယ်။” ဟု ကေအိုင်စီကို ပြောသည်။

ရွာအတွင်းတပ်စွဲထားသည့်စစ်အုပ်စုမှာ ဒေသခံလူထုပိုင် တန်ဖိုးရှိပစ္စည်းများအပါအဝင် ဆန်၊ စပါး၊ ဆီနှင့်ပဲများကိုပါ စစ်အုပ်စုက ကားများဖြင့်ခိုးယူသယ်ဆောင်နေပြီး ဖမ်းဆီးခံအရပ်သားများကိုမူ ပစ္စည်းသယ်ယူရေးအတွက် ခိုင်းစေခဲ့သည်ဟု ညောင်လေးပင်ခရိုင်ကေအဲန်ယူဘက်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ(၅)ရက်နေ့က ရွာသို့ အင်အားအလုံးအရင်းဖြင့် စစ်အုပ်စုစစ်ကြောင်းထိုးလာချိန်တွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းရှိခဲ့သည်။ ထို့ကြောင့် ရွာခံများမှာ နေအိမ်ရှိပစ္စည်းတစ်စုံတစ်ရာမျှ သယ်ယူခွင့်မရဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

Photo: Social Media

“ရွာထဲ စစချင်းစစ်ကြောင်းရောက်တဲ့အချိန်မှာ ရွာသားတွေကို တစ်ရက်နှစ်ရက် သူတို့(စစ်အုပ်စု)က ဖမ်းချုပ်ထားသေးတယ်။ ကျနော်တို့ ဝင်ပြီး သွားကယ်ထုတ်တဲ့အချိန်မှလွတ်တော့ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ ပါလာကြတာ” ဟု ပဒိုစောဝါးမူက ပြောသည်။

ထို့အပြင် ကျေးရွာအပြင်ဘက်ဝန်းကျင်တွင်တပ်စွဲနေသည့် စစ်အုပ်စုတပ်ဖွဲ့က မြေမြုပ်မိုင်းများထောင်ထားခဲ့သဖြင့် အိမ်မွေးတိရိစ္ဆာန်များ မိုင်းနင်းမိသေဆုံးခြင်းလည်းရှိနေသည်။

ပိန်းဇလုပ်မြို့အနီးရှိ ရေတွင်းကုန်၊ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများသို့ စစ်အုပ်စုစစ်ကြောင်းထိုးစဥ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၆နှစ်အရွယ်ကလေးအပါအဝင် အရပ်သား အယောက် ၃၀ ကျော်မှာ လက်နက်ငယ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် သေဆုံးခဲ့သည်။

စစ်အုပ်စုက အရပ်သားရာနှင့်ချီကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခဲ့ပြီး မတ်လ(၇)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA တော်လှန်ရေးပူးပေါင်းတပ်မှ ရွာသူ၊ ရွာသားအယောက် ၃၀၀ ကျော်ကို ဝင်ရောက်ကယ်ထုတ်သွားခဲ့ခြင်းဖြစ်သည်။