မတ် (၂၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာနှင့်မူတြော်ခရိုင်နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်အုပ်စုတို့၏ ဖေဖော်ဝါရီလမှ မတ်လအတွင်းတိုက်ပွဲများတွင် နှစ်ဖက်လုံး နည်းပညာမြင့်ဒရုန်းအသုံးပြုမှုများလာပြီး ထိခိုက်သေဆုံးခြင်းလည်းရှိနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
ကေအဲန်ယူ တပ်မဟာ(၅) တပ်မဟာ(၆)နယ်မြေ၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်ဒေသတိုက်ပွဲများတွင် AI စနစ်သုံး Multiple ဒရုန်း၊ အသေခံဒရုန်း(ကာမီကာဇေ)၊ FPV (First Person View) ဒရုန်းများဖြင့် စစ်အုပ်စုတပ်ဖွဲ့က တိုက်ခိုက်နေခြင်းဖြစ်သည်။ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်ကလည်း ဒရုန်းတုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု မဟာမိတ်ဒရုန်းတပ်ဖွဲ့က ဆိုသည်။
“AI စနစ်သုံးဒရုန်း၊ အသေခံဒရုန်း၊ FPV ဒရုန်းတွေ မျိုးစုံသုံးပြီး စစ်တပ်ကတိုက်သလို တော်လှန် ရေးဘက်ကလည်း ပြန်တိုက်နေတာရှိတယ်။ သူညံ့ရင်သူ့ဘက်ကထိတယ်။ ကျနော်တို့ဘက်ကထိတာလည်းရှိတယ်။ သူတို့ကင်းထောက်ပျံတာကိုအမြဲကြည့်နေရတာပေါ့”ဟု KNLA ဒရုန်းတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ(၁၆)ရက်က ဒူးပလာယာ(ကော့ကရိတ်)နယ်မြေ၊ အောက်ဘိုတဲနေရာတွင် နှစ်ဖက်တပ်အပြန်အလှန်ဒရုန်းတိုက်ပွဲကြောင့် စစ်အုပ်စုဘက်မှ အရာရှိ (၂)ဦး အပါအဝင် (၁၀)ဦးကျော် သေဆုံးခဲ့သည်။ KNLA မဟာမိတ်တပ်ဘက်လည်း တပ်ဖွဲ့ဝင် (၅)ဦး သေဆုံးသွားကြောင်း နယ်မြေအခြေစိုက် ဒရုန်းတပ်က ဆိုသည်။
မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံဒေသရှိ မတ်လ (၂၄)ရက်ကတိုက်ပွဲတွင်လည်း KNLA မဟာမိတ်တပ်လှုပ်ရှားရာနေရာသို့ တိုက်ခိုက်လာသည့် စစ်အုပ်စု၏ဒရုန်းဗုံးသီးကြောင့် တပ်ဖွဲ့ဝင်အချို ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်တစ်ဦးက “Multiple Drone က အမြင့်ကြီးပျံပြီး ကင်းထောက်တယ်။ အပူလှိုင်းနဲ့မြေပြင်ကိုကြည့်ပြီးမှ ဒရုန်းသီးချတာမှာထိကုန်တာ။”ဟု ၎င်းတပ်ဖွဲ့ဝင်က ကေအိုင်စီကိုပြောသည်။
တဖက်တွင်လည်း မတ်လ (၁၇)ရက်နေ့ကကဲ့သို့ ကေအဲန်ယူ မူတြော်(ဖာပွန်)နယ်မြေရှိ စစ်အုပ်စု၏ကော်သွေးကျိုးတပ်စခန်းကို Multiple ဒရုန်း၊ FPV ဒရုန်းများဖြင့် KNLA မဟာမိတ်ဒရုန်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းရှိပြီး စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုပြောပြချက်အရ သိရသည်။
စစ်အုပ်စု၏မြေပြင်စစ်ကြောင်းများမှာ မဟာမိတ်တပ်ဖွဲ့က အဆင်မြင့်ဒရုန်းအသုံးပြုနိုင်ခြင်းကြောင့် ဒရုန်းအပြင် လေကြောင်းဗုံးကြဲမှုနှင့်လက်နက်ကြီးပစ်ခတ်မှုကို အသားပေးပြုလုပ်၍ တိုက်ပွဲရင်ဆိုင်နေခြင်းရှိသည်။
ထို့အတူ လတ်တလော ကော့ကရိတ်မြို့နယ်၊ အောက်ဘိုတဲနှင့် မြဝတီတောင်ပိုင်း စစ်ရေးနယ်မြေများတွင် KNLA မဟာမိတ်တပ်က စစ်အုပ်စုစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်နေ၍ နယ်မြေအသာစီးမရနိုင်ဖြစ်နေသည်။ တိုက်ပွဲအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်အချို့ KNLA ထံ ထွက်ပြေးခိုလှုံလာသည်အထိ အခြေအနေဖြစ်ကြောင်းကိုလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။



















