Home သတင်း ဗီဇာကင်းလွတ်ခွင့်ကာလ ထက်ဝက်လျှော့ချရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အဆိုပြု

ဗီဇာကင်းလွတ်ခွင့်ကာလ ထက်ဝက်လျှော့ချရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အဆိုပြု

387
Photo: Internet

မတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်ကြောင့် ကမ္ဘာလှည့်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးထားသည့် ရက်ပေါင်း ၆၀ မှ ရက်ပေါင်း ၃၀ သို့ ထက်ဝက်လျှော့ချရန် ပြီးခဲ့သည့်ရက်သတ္တပတ်တွင်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်၏ မတ်လ(၂၅)ရက်နေ့ သတင်းဖော်ပြချက်အရ သိရသည်။

ထိုင်းသံအရာရှိများ၊ သက်ဆိုင်ရာကိုယ်စားလှယ်များပါဝင်သော အဆိုပါဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkeow က နိုင်ငံခြားသားအချို့မှာ ခရီးသွားလာခြင်းမဟုတ်ဘဲ အခြားရည်ရွယ်ချက်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို အလွဲသုံးစားလုပ်နေကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ခရီးသွားဗီဇာကိုအသုံးပြုပြီး တရားမဝင် စီးပွားရေးလုပ်ဆောင်ခြင်း နှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)များတွင် ပါဝင်ပတ်သက်ခြင်းတို့ စစ်ဆေးတွေ့ရှိရသည့်အတွက် လုံခြုံရေးအရ ယခုလိုတင်းကြပ်ရန် လုပ်ဆောင်လာရခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ်တွင် ဆိုသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစ၍ အင်္ဂလန်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်၊ သြစတြေးလျ နှင့် ဥရောပနိုင်ငံ အစရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၉၃) နိုင်ငံမှ ခရီးသွားများအတွက် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအများစုကိုမူ နှစ်နိုင်ငံသဘောတူညီချက်အရ ၁၄ ရက် သို့မဟုတ် ရက် ၃၀ သာ ခွင့်ပြုထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ကြေညာထားခြင်းရှိသည်။

ထို့အပြင် ဗီဇာကင်းလွတ်ခွင့်ကာလ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပါက ယင်းသဘောတူညီချက်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုကြသည်။

အလားတူ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိမည်မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးကိုသာ ပိုမိုခိုင်မာ စေမည်ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်ဆွေးနွေးပွဲတွင် ပြောသည်။