စစ်မြေပြင်က သက်တမ်းရင့် ဆေးဆရာမ၏ နှစ် ၃၀ ကျော် တော်လှန်ရေးဘဝ
(မတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်)
မူတြော်(ဖာပွန်)ခရိုင်ထဲက တောင်ပေါ်ကျေးလက်ရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီကြတဲ့ ဒေသခံမိခင်နဲ့ ကလေးတွေအတွက် နော်ကြည်ထူးလို ကရင်အမျိုးသမီး တစ်ယောက်ဟာ မရှိမဖြစ် လိုအပ်နေ သူတစ်ဦး ဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခကြောင့် သူမနေထိုင်ရာဒေသမှာ ကျန်းမာရေးလိုအပ်ချက် ကြီးကြီးမားမား ရှိနေတာကို သတိပြုမိပြီး လူ့အသက်ကို ကယ်တင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ နော်ကြည်ထူးဟာ အသက် ၂၂ နှစ်အရွယ်မှာ ကရင့်တော်လှန်ရေးထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
၁၉၈၉ ခုနှစ်ကစပြီး ကရင့်တော်လှန်ရေးထဲ ပါဝင်လာခဲ့တဲ့ နော်ကြည်ထူးဟာ လူအများရဲ့အသက်ကို ကယ်တင်ချင်တဲ့ ရည်ရွယ်ချက်အတိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ ဆေးတပ်သားအနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
“အဲ့တုန်းက မိခင်နဲ့ကလေးငယ်တွေရဲ့ သေဆုံးမှုနှုန်းကလည်း များပြီးတော့ ဒီဒေသမှာ ဒီကျန်းမာရေးတကယ်လိုအပ်ချက် ရှိတဲ့အတွက် ဒီမိခင်နဲ့ကလေးတွေ သေဆုံးတာမျိုး လျော့ ကျသွားအောင်လို့ ဒီမိခင်နဲ့ကလေးငယ်စောင့်ရှောက်ရေးဘက်ကို ရွေးချယ်လိုက်တာ” လို့ KNLA စစ်ဘက်ဆိုင်ရာ ဆေးဆရာမ နော်ကြည်ထူးက ကရင့်တော်လှန်ရေးထဲကို စတင်ဝင်ရောက်ခဲ့ပုံကို ပြန်ပြောင်းပြောပါတယ်။
နော်ကြည်ထူးဟာ မူတြော်ခရိုင်၊ စော်မုပလောကျေးရွာအုပ်စု၊ ထီးဘောခီးကျေးရွာ ဒေသခံတစ်ဦးဖြစ်ပြီး မွေးချင်းမောင်နှမ ၉ ယောက် ရှိပါတယ်။ သူမရဲ့ဖခင်ကစလို့ မောင်နှမ အားလုံးဟာလည်း တော်လှန်ရေးထဲမှာ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KNLA ဆေးဌာနက ပို့ချတဲ့ အခြေခံဆေးသင်တန်းကို တက်ရောက်ခဲ့ပြီး အခြေခံ တပ်သားအဆင့်ကနေ တာဝန်ကို စတင်ထမ်းဆောင်လာခဲ့ရာက အခုဆိုရင် ဒုတိယဗိုလ်အထိ ရာထူးတာဝန် ပေးအပ်ခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ရှေ့တန်းအထိ လိုက်ပါပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်ရဲဘက်များစွာကို ကုသပေးခဲ့ရသလို သူမလုပ်သက်တစ်လျှောက် တိုက်ပွဲကြောင့် ကြောက်မက်ဖွယ်စရာကောင်းတဲ့ ကိုယ်အင်္ဂါထိခိုက်ပျက်စီးမှုတွေကိုလည်း သူမြင်တွေ့ခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ သူမဟာ မိခင်နဲ့ကလေး ပြုစုစောင့်ရှောက်မှုကိုပဲ တစ်စိုက်မတ်မတ် လုပ်ဆောင် သွားဖို့ ရွေးချယ်ခဲ့ပြီး ဒီနေ့အချိန်ထိ အဲဒီလုပ်ငန်းတွေကိုပဲ အဓိက လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။
“မိခင်ရော ကလေးအသက်ပါ မလုနိုင်တဲ့အခါတွေကို ရင်ဆိုင်ရတာလည်း အများကြီးပါပဲ။ ဒါကြောင့်မို့ လမ်းတစ်ခုတည်းဖြစ်တဲ့ ၂၀၀၅ ကစပြီး အခုထိ ကျမ မိခင်နဲ့ကလေးဘက်ကိုပဲ ရွေးပြီး တာဝန်ယူလုပ်ဆောင်ခဲ့တယ်” လို့ နော်ကြည်ထူးက ပြောပါတယ်။
အသက် ၂၂ နှစ်အရွယ်ကတည်းက တော်လှန်ရေးထဲ ပါဝင်လာခဲ့သူ နော်ကြည်ထူးဟာ အခုဆို အသက် ၆၀ ဝန်းကျင်ထဲ ရောက်ရှိနေပါပြီ။ ဒါပေမဲ့ တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်လို့ တော်လှန်ရေးထဲမှာ ၃၇ နှစ်ကြာ ဘဝကို ရင်းနှီးမြှုပ်နှံထားသူလည်း ဖြစ်ပါတယ်။
သူမရဲ့ ပေးဆပ်အနစ်နာခံမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးက ၂၀၁၄ ခုနှစ်မှာ တော်လှန်ရေးလုပ်သက် ၂၅ နှစ်ပြည့် ငွေတံဆိပ်ဆုကို ပေးအပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အခြားတော်လှန်ရေးသမား အယောက် ၃၀၀ နဲ့အတူ တစ်ဦးတည်းသော အမျိုးသမီးအနေနဲ့ ရရှိခဲ့တာပါ။
တော်လှန်ရေးလုပ်တဲ့ သက်တမ်းတစ်လျှောက်မှာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပေမယ့် ဖခင်ဖြစ် သူရဲ့ မှာကြားချက်ကြောင့် ဒီနေ့အချိန်ထိ တော်လှန်ရေးကို သစ္စာရှိရှိ ဆက်လုပ်နေတာဖြစ်တယ်လို့ သူမက အခုလို ပြောပါတယ်။
“တခြားသူတွေတော့ မသိဘူး။ ကျမကိုကျတော့ ‘နင်က စစ်သားဖြစ်ရမယ်။ နင်စစ်သားဖြစ်လို့ နင်ထမင်းမငတ်ဘူး။ ဒါပေမယ့် နင်ကြီးပွားလိမ့်မယ်လို့တော့ မစဉ်းစားနဲ့ပေါ့’။ အဖေက ကျမကို အဲဒီလိုမှာခဲ့တယ်။ အဲဒါကြောင့် အဖေမှာတဲ့အတိုင်း ကျမ စစ်သားလုပ်နေတာပါ။” လို့ နော်ကြည်ထူးက ပြောပါတယ်။
အခု သူမဟာ လူသောမြို့နယ်၊ ပနာအေ့ပယ်ခို့ရွာမှာ တာဝန်ကျနေပြီး မိခင်နဲ့ကလေး စောင့်ရှောက်တဲ့ တာဝန်ကို ယူထားပါတယ်။
တော်လှန်ရေးမှာ တစ်မိသားစုလုံး ပါဝင်ခဲ့ကြတဲ့ နော်ကြည်ထူးတို့ မောင်နှမတွေဟာ တိုက်ပွဲနဲ့ ကျန်းမာရေးကြောင့် ကွယ်လွန်ခဲ့ကြပါပြီ။ အခုဆိုရင် သူမနဲ့အတူ ကြေးနန်းဆက်သွယ်ရေးပိုင်းမှာ တာဝန်ယူနေတဲ့ သူမရဲ့မောင်လေးတစ်ယောက်နဲ့ပဲ ကျန်ရစ်ပါတော့တယ်။
“အခု ကျမအသက် ၆၀ ရှိပြီ။ တော်လှန်ရေးအောင်ပွဲရတဲ့အထိ လုပ်ဦးမှာပါ” လို့ နော်ကြည်ထူးက ပြောကြားသွားပါတယ်။



















