“အရင်က ပုံနှိပ်စာအုပ်ကို ၃ ယောက်တစ်အုပ် မျှပြီးကြည့်ရတယ်။ အခု အချိန်မှာတော့ ၅ ယောက်ကို တစ်အုပ် အဲလို ပြန်ကြည့်ရတယ်။” စောထူးကပေါ် KRCEE အတွင်းရေးမှူး
Karen Refugee Committee Education Entity အတွင်းရေးမှူး စောထူးကပေါ်နှင့် ဆက်သွယ်မေးမြန်းခြင်း
ဖေဖော်ဝါရီ ၇ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူ/ကျောင်းသားအရေအတွက်များ လာခြင်းအပေါ် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ Karen Refugee Committee Education Entity (KRCEE) အတွင်းရေးမှူး စောထူးကပေါ်နှင့်တွေ့ဆုံမေးမြန်းခြင်းဖြစ်သည်။
မေး။ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ပြည်တွင်းကနေကျောင်းလာတက်တဲ့ ကျောင်းသားဦးရေများလာတယ်လို့ သိရတယ်။ လက်ရှိ ဒုက္ခသည်စခန်းထဲက စာသင်ကျောင်းတွေရဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ။ စစ်တပ်အာဏာသိမ်းပြီး (၁)နှစ် (၂)နှစ်အတွင်းမှာ ကျောင်းသားက အဲလောက်မများလာဘူး ။ ကျောင်းသားဦးရေ ၁၆၀၀၀ နဲ့ ၁၇၀၀၀ အဲလောက်ပဲရှိပါတယ်။ ဒါပေမယ့် ၂၀၂၃ခုနှစ်မှာတော့ ကျောင်းသားဦးရေက အယောက် ၂၀၀၀၀ ကျော်ကနေ အခု ၂၄၀၀၀ ကျော်အထိတိုးလာတယ်။
ကျနော်ထင်တာကတော့ စစချင်းအာဏာသိမ်းပြီးတဲ့အချိန်တုန်းက (၁)နှစ်၊ (၂)နှစ်အတွင်းမှာက သူတို့အခြေအနေကြည့်သေးတယ်။ ဒါပေမယ့် အခြေအနေ မကောင်းတော့ဘူး ပိုပြီးပြင်းထန်လာတယ် ကလေးတွေကလည်း အကြောက်တရားကြားမှာ စာတွေသင်ရတော့ မိဘတွေက ရွေးချယ်စရာမရှိတော့လို့ ဒုက္ခသည်စခန်းမှာ ပြောင်းရွှေ့လာကြတယ်။
မေး။ ကျောင်းသားဦးရေ များလာတဲ့အပေါ် ကျောင်းမှာ လက်ခံရပေးရတဲ့အပိုင်းတွေက ဘယ်လို အခက်အခဲတွေရှိလာခဲ့သလဲ။
ဖြေ။ ဒုက္ခသည်စခန်းထဲမှာက စာသင်ကျောင်း ပြန်လည်မွန်းမံပြင်ဆင် ဆောက်လုပ်ဖို့အတွက် ထောက်ပံ့မှု မရှိတော့လို့ အခက်အခဲတွေရှိလာတာကနှစ်ပေါင်း မနည်းတော့ဘူး။ နောက်ပြီး ဆောက်ဖို့အတွက် နေရာလဲမရှိဘူး။ အဲဒါကြောင့် ကျောင်းတွေမှာ ကျောင်းသားတွေအများအပြား လက်ခံဖို့က အခက်အခဲတွေ တွေ့ရတယ်။ အရင် (၁)နှစ် (၂)နှစ်တုန်းကဆိုရင်ကျောင်းသားအသစ် လက်ခံရသလောက်လက်ခံတယ် နောက်ဆုံး ကျောင်းသားဦးရေအရမ်းများပြီး လုံးဝဆက်လက်ခံဖို့ မရတော့တဲ့အခါမှာတော့ လာအပ်တဲ့ကျောင်းသားတွေကို ငြင်းလိုက်ရတာတွေလည်းရှိတယ်။
ကျောင်းအပ်မရတော့လို့ ကျောင်းသားမိဘတွေက ငိုပြီး ပြန်သွားရတာတွေလည်းရှိတယ်။ အနည်းစုပါ အဲဒါက။ ဘာလို့ လက်မခံတော့တာလဲဆိုရင် ကျောင်းသားအရမ်းများရင်လည်း စာသင်ကြားမှုအပိုင်းမှာ ထိထိရောက်ရောက်သင်လို့ မရတော့ဘူး။ နောက်ပြီး ကျောင်းသားဦးရေအရမ်းများရင် ကျောင်းသုံးအိမ်သာ၊ နောက်ပိုင်း ရေရရှိမှုတွေ အဲဒီနောက်ဆက်တွဲတွေလည်း ပါလာတယ်။ ကျောင်းသားဦးရေးများလာတဲ့အခါမှာ ကျောင်းအတွက်က အခက်အခဲအများကြီးရှိလာတတယ်။
မေး။ ကျောင်းသားဦးရေများလာတဲ့အတွက် စာသင်ကြားရမှုအပိုင်းမှာ ကြုံရတဲ့ အခက်အခဲက ဘယ်လိုတွေရှိလဲ။
ဖြေ။ ကျောင်းဆရာတွေက ဝါသနာ အနစ်နာပေးရတာတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းက အဲဒီ ကျောင်းဆရာ၊ ဆရာမတွေမှာလည်း သူတို့မှာလည်း တစ်ဖက်မှာမိသားစုတွေလည်းရှိတယ်။ ဒုက္ခသည်စခန်းထဲမှာက ရိက္ခာထောက်ပံ့မှုတွေ ဖြတ်တောက်တဲ့နောက်ပိုင်းမှာ သူတို့တွေက မိသားစု ပြန်မထောက်ပံ့နိုင်တာ တစ်ပိုင်းရှိတယ်။ နောက်တစ်ခုက ကျောင်းသားတွေဘက်ကလည်း ပုံနှိပ်စာအုပ်မလုံလောက်တဲ့အပိုင်းရှိတယ်။ အရင်က ပုံနှိပ်စာအုပ်ကို ၃ ယောက်တစ်အုပ် အဲလို မျှပြီးကြည့်ရတယ်။ အခုအချိန်မှာတော့ ၅ ယောက်ကို တစ်အုပ်အဲလိုပြန်ကြည့်ရတယ်။
ထောက်ပံ့မှုမရှိတဲ့အတွက် ပုံနှိပ်စာအုပ်တွေကလည်း အများကြီး ထုတ်လို့မရဘူး။ ပုံနှိပ် စာအုပ်မလုံလောက်တဲ့အခါမှာ ကလေးတွေက အိမ်စာပြန်လုပ်ဖို့ အပိုင်းမှာ အခက်အခဲရှိတော့ ထိထိရောက်ရောက်သင်ယူလို့မရဘူး။ အဲဒါကြောင့် ကျောင်းဆရာ/ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေက အဲဒီလို အခက်အခဲတွေ ကြုံနေရတယ်။
နောက်ပြီး အခုအချိန်မှာ ဒုက္ခသည်စခန်းထဲမှာနေထိုင်တဲ့သူတွေဟာ အပြင်ထွက် အလုပ်လုပ်ခွင့်ပေး လာတာရှိတယ်။ အဲဒီအပေါ် ကျောင်းဆရာ/ဆရာမတွေဘက်ကလည်း သူတို့တွေက မိသားစုစား ဝတ်နေရေးရှိသေးတော့ ရိက္ခာထောက်ပံ့မှု မရှိလာတဲ့အချိန်မှာ အခွင့်အရေးရတုန်း အပြင်ပဲ အလုပ်ထွက် လုပ်ရ မလား၊ စာပဲဆက်သင်ရမလား အဲဒီလို စိတ်ဝေခွဲမရ စိတ်ရှုပ်တာ ဖြစ်လာတာတဲ့အတွက် KRCEE အတွက် ဒါက ပညာရေးအပိုင်းမှာ စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်။
မေး။ USAID က ဒုက္ခသည်စခန်းအတွက် ထောက်ပံ့မှုတွေ ရပ်ပြီးနောက်ပိုင်းမှာ ပညာရေးထောက်ပံ့မှု အကူအညီအခြေအနေကိုလည်း ပြောပြပေးပါအုံး ။
ဖြေ။ ပုံမှန် ကျနော်တို့ KRCEE က USAID ထောက်ပံ့မှုရတာ မရှိပါဘူး။ ဒါပေမယ့် ဒုက္ခသည်စခန်း တစ်ခုလုံး အတွက်က အဓိကထောက်ပံ့တာက USAID ဖြစ်တယ်။ ပညာရေးအပိုင်းဘက်ကတော့ အဓိက ထောက်ပံ့မှု ရတာက EU အစိုးရဘက်က ရတယ်။ အထူးသဖြင့် Save The Children Thailand နဲ့နောက်ပြီး Back Donors တွေနဲ့လုပ်ဆောင်တယ်။ ဩစတေးလျားလည်း နည်းနည်းရှိတယ်။ နောက်တစ်ခု ကောင်းသွားတာက ဒီနှစ်နဲ့ နောက်သုံးနှစ်အတွင်း ထောက်ပံ့မှုတွေရှိသေးတယ်။ ဒါက ကျောင်းဆရာ/မတွေအတွက်က ဝမ်းသာစရာဖြစ်တယ်။ ဒါပေမယ့် ပြီးပြည့်စုံတာတော့မဟုတ်ဘူး။
မေး။ အခုလို ဒုက္ခသည်စခန်းအတွက် ထောက်ပံ့မှု ဖြတ်တောက်လိုက်တဲ့အပေါ်မှာ ပညာသင်ကြားတဲ့ ကျောင်းသူကျောင်းသားတွေအပေါ် သက်ရောက်မှုတွေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ပြောရရင်တော့ ကျနော်တို့တွေက တစ်လှေထဲစီးလာတဲ့လူတွေဖြစ်တယ်ဆိုတော့ ထိရင်တော့ အကုန်ပဲထိပါတယ်။ ခုဏကျနော်ပြောသလို အထောက်အပံ့ဆက်လက်ရတာတွေက အခြေခံအတွက် မဟုတ်ဘူး။ ဒီဖြတ်တောက်ထားတဲ့ အထောက်အပံ့တွေက တကယ့်ကို ဒုက္ခသည်တွေ လိုအပ်တဲ့အခြေခံ လိုအပ်ချက် တွေဖြစ်တယ်။ ထိရင်တော့အကုန်ပဲထိပါတယ်။
နောက်ပြီး အခုက အလုပ်သွားလုပ်ခွင့်ရတဲ့အထဲမှာ ကလေးတွေကို ခေါ်သွားခွင့်က မရသေးဘူး။ တချို့မိဘ တွေကစားဝတ်နေရေးအတွက်မဖြစ်မနေ အလုပ်သွားလုပ်ရတဲ့အခါ သူတို့ကလေးငယ်တွေအတွက် အကြီးတွေက ကျောင်းထွက်ပြီး ပြန်ကြည့်ရတာရှိတယ်။ ဘယ်လောက်ရာခိုင်နှုန်းရှိလဲတော့ တိတိကျကျကျနော်တို့က စာရင်းကောက်ထားတာတော့ မရှိသေးဘူး။ ဒါကတော့ ကျနော်တို့ စိုးရိမ်ချက်တစ်ခုဖြစ်လာတယ်။
မေး။ အခုချိန်မှာ ပြည်တွင်းစစ်ကြောင့် ကလေးတချို့က ဒုက္ခသည်ပညာရေးကို လာပြီး အားကိုးနေရတာကို တွေ့ရှိလာရတယ်၊ အဲဒီအပေါ်မှာ ဒုက္ခသည်စခန်းဟာ ပြည်တွင်းမှာရှိတဲ့ ကလေးသူငယ်တွေအတွက် အထောက်အကူ ဘာတွေဖြစ်မလဲ။
ဖြေ။ ဒါက ပြည်တွင်းစစ်ကြောင့် ဒုက္ခသည်ပညာရေးကို အားကိုးနေရတာဖြစ်တယ်။ ပြည်တွင်းစစ်သာမရှိရင်သူတို့ သုံးဖို့လည်း လိုမှာမဟုတ်ဘူး။ ပြီးတော့ ကော်သူးလေပညာရေးဌာနနဲ့ ကျနော်တို့နဲ့သိပ်တော့မဝေးပါဘူး ။ အခြေအနေကြောင့်သာ ကွဲပြားနေရတာဖြစ်တယ်။ ဒုက္ခသည်ပညာရေးက ဘယ်လောက်အရေးကြီးလဲလို့ပြောရင် တကယ်လို့ ကလေးတွေက ပြည်တွင်းမှာကျောင်းတက်ရင် စာမေးပွဲဖြေခွင့်တောင် ရှိပါ့မလားတော့မသေချာဘူး။
ဥပမာ အခန်း ၁၂ သင်ရမယ့်ဟာတွေကိုတော့ တစ်ခန်း နှစ်ခန်းလောက်ပဲ သင်ရင်သင်ရမယ်။ အဲဒါက ကလေးတွေ သင်ယူလေ့လာမှုကို ထိခိုက်သွားတယ်။ ကလေးတွေက ကောင်းကောင်းမွန်မွန် သင်ယူလေ့လာမှုမရှိရင် စာမေးပွဲ အောင်လည်း အရည်အသွေး အပြည့်အဝရရှိမှာမဟုတ်ဘူး။ အဲဒါက ကလေးကြောင့်တော့မဟုတ်ဘူး ဒေသအခြေအနေကြောင့် ဖြစ်တယ်။ ဒုက္ခသည်မှာက အစားအသောက် အဆောက်အဦး ကောင်းကောင်းမွန်မွန် နေထိုင်မှုမရှိပေမယ့်လည်း စိတ်လုံလုံခြုံခြုံနဲ့ စာသင်ယူလေ့လာလို့ရတယ်။ လေယာဉ်ပျံတွေလည်း ကြောက်စရာမလိုဘူးပေါ့။ ဒါကြောင့် ကျနော်မြင်တာကတော့ ဒုက္ခသည်ပညာရေးက ကလေးတွေ အနာဂါတ်ပညာရေးအတွက် အင်မတန် အထောက်အကူပြုတယ်လို့တော့ မြင်တယ်။
မေး။ နောက်ပြီး ဒုက္ခသည်စခန်းမှာ ကျောင်းတက်နေတဲ့ကလေးတွေအတွက် ပညာရေး အခွင့်အရေးနဲ့ အခွင့်အလမ်းရရှိမှုတွေက ဘယ်လိုရှိလဲ။
ဖြေ။ ကျနော်တို့တွေက ဒုက္ခသည်တွေဖြစ်တယ်။ နေထိုင်ခွင့်ရဖို့ထိုင်နိုင်ငံရဲ့ MOI က ကျနော်တို့ကို လက်ခံပေး တာဖြစ်တယ် ။ အဲဒီအပေါ်သူတို့မှာလည်း သတ်မှတ်ချက်စည်းကမ်းချက်တွေအမျိုးမျိုးရှိတယ်။ အမှန်ဆိုရင် ဒုက္ခသည်တွေက အပြင်ထွက် ခွင့်တောင်မရပါဘူး။ သို့သော် ပူးပေါင်းဆောင်ရွက်မှု တစ်ချို့တွေကြောင့် အခွင့်အရေး တချို့ရတာတွေရှိတယ်။ ပညာရေးအပိုင်းနဲ့ပတ်သက်ပြီး နိုင်ငံရှိတဲ့သူတွေနဲ့ နှိုင်းယှဉ်လို့မရပါဘူး။ ဒါပေမယ့် ကျနော်တို့ကို အခွင့်အရေးပေးထားသလောက် ပညာရေးစနစ်တွေရှိတယ်။ ဖြစ်နိုင်ရင် ပညာရေးသတ်မှတ်ချက်ရှိသလောက် ပြည့်အောင်တက်လှမ်းပါ။ အဲလိုပြီးတဲ့အထိ တက်လှမ်းရင် အခွင့်အရေးက တစ်မျိုးမျိုး ရှိလာမှာပဲ။
နောက်ပြီး တက္ကသိုလ်အထိ တက်ဖို့ကအခွင့်အရေးကနည်းတယ်။ တချို့က ဒုက္ခသည်စခန်းမှာ ပဲမွေးပြီးကြီး ပြင်းလာတယ်။ တက္ကသိုလ်တစ်ခုခုတက်ရင် အဓိက ပတ်စ်ပို့တွေလိုအပ်တယ်။ အဲဒါကြောင့် ကျနော်တို့တွေက ထိုင်းတာဝန်ရှိသူတွေကို ကြိုးစားပြီးပြောပေးတာရှိတယ်။ အဓိကတော့ ထိုင်းအစိုးရက ဒုက္ခသည်တွေအတွက် ပညာရေးအဆင့် သတ်မှတ်ချက် တစ်ခုပေးဖို့။ ဆိုလိုတာက Higher Education အဆင့်တစ်ခုပေါ့၊ အဲလိုမျိုးတွေ ကြိုးစားပြီး ပြောပေးတာတွေရှိတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂၉ရက်နေ့တုန်းက MOI၊ MOE၊ ပြီးတော့ ထိုင်း CBO တချို့နဲ့ မယ်လ ဒုက္ခသည်စခန်းမှာ ကျနော်တို့တွေ့ဆုံကြတာရှိတယ်။ အဓိကတော့ ဒုက္ခသည် ပညာရေး System ဘယ်လိုရှိလဲ အရည်အသွေး အဆင့်က ဘယ်လောက်ရှိလဲ၊ နောက်ပြီး ထိုင်းနိုင်ငံပညာရေးစနစ်ထဲမှာ ကျနော်တို့ ဒုက္ခသည်တွေ အခွင့်အရေး ဘာတွေရရှိမလဲအဲဒါတွေဆွေးနွေးတယ်။ ပြီးတော့ ညနေပိုင်းမှာ အခြေခံပညာ ကျောင်းတွေပြီးတော့ မယ်လမှာရှိတဲ့ Higher Education ကျောင်းနဲ့ PTMJC (Pu Taw Memorial Junior College ) ကျောင်းကိုသွားလေ့လာတယ်။ အဲဒီမှာက PTMJC ကျောင်းမှာက တချို့က ထိုင်းစကား နည်းနည်းပါးပါးရတာရှိတာကို သူတို့တွေ့ရတယ်။
နောက်ပြီးတော့ အဲဒီကျောင်းမှာက အဓိက ပြောဆိုနေကြတာက အင်္ဂလိပ်ဘာသာနဲ့ပြောကြတာ သူတို့တွေ့တော့ ကျနော်တို့ ဒုက္ခသည် ပညာရေးမှာလည်း System တစ်ခု ရှိတယ်ဆိုတာ သူတို့သိတယ်။ အဲဒီက ကလေးတွေကလည်း အလားအလာရှိတယ်ဆိုတာ သူတို့ တွေ့တယ်။ အဲဒါကိုသူတို့က အခွင့်အရေးတစ်ခု ရရှိဖို့ သူတို့ကြိုးစားပြီး ပြောဆိုပေးမယ်လို့ ပြောတယ်။
သို့သော် ဘာကိုအဓိကပြောမလဲဆိုတော့ သူတို့သေချာပြောလို့မရဘူး။ ဒီဒုက္ခသည်ပညာရေးစနစ်တစ်ခု ထည့် သွင်းချမှတ်ဖို့က ပါလီမန်အထိ သွားရတာရှိတယ်။ အခုက ထိုင်းရွေးကောက်ပွဲကာလဖြစ်တယ် ၊ နောက်အစိုးရအသစ်တက်ရင်လည်း ဘယ်လိုလာမလဲမသိရသေးဘူး။ ဒါပေမယ့် ဒီတစ်ခါတွေ့ဆုံတာက အကောင်းဘက်ဖြစ်ဖို့များတယ်။ ဘယ်လိုဖြစ်ဖြစ် အိမ်ရှင်ကပဲ ဆုံးဖြတ်လို့ရမယ်။ ဒီလိုတွေ့ဆုံတာက ပထမဦးဆုံးအကြိမ်ဖြစ်တယ်။ တစ်နှစ်သုံးကြိမ်တွေ့မယ်လို့ ပြောဆိုထားတာရှိတယ်။
မေး။ ဒုက္ခသည်ပညာရေး အသိမှတ်ပြုခံရဖို့က ဘယ်လောက်အထိ အရေးကြီးသလဲ။
ဖြေ။ အသိမှတ်ပြုခံရဖို့အတွက် ကျနော်တို့ ရဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးတွေရဲ့ ဆောင်ရွက်ပေးမှုတွေလည်း မူတည်တယ်။ ဘာလို့လဲဆိုတော့ ဒုက္ခသည်ပညာရေးနဲ့ ကော်သူးလေပညာရေးက system တစ်ခုထဲပဲ။ တကယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တစ်ခြားနိုင်ငံရဲ့ ပညာရေးအင်စတီကျုပရိုဂရမ်တစ်ခုခုနဲ့ လက်တွဲလုပ်ဆောင်ရင် ကောင်းတယ်။ တစ်ဖက်က ကော်သူးလေ ပညာရေးနှင့်ယဉ်ကျေးမှုဌာန KECD က အခု နိုင်ငံတကာ ပညာရေးအဖွဲ့အင်စတီကျုရှင်းတွေ လက်ခံဖို့ ကြိုးစားလုပ်ဆောင်တာတွေရှိတယ်။
အဲဒါက အခြေခံပညာအထက်တန်းကျောင်းအတွက်မဟုတ်သေးဘူး။ တက္ကသိုလ်တက်နိုင်ဖို့အတွက် အဲလို ချိတ်ဆက် ပြောဆိုတာတွေရှိတယ်။ နိုင်ငံတစ်ခုအနေနဲ့ လက်ခံဖို့က လွယ်တာတော့မဟုတ်သေးဘူး ၊ ကျနော်တစ်ယောက်အမြင်က အဲလိုမြင်တယ်။ ကျနော်တို့ပညာရေး တက်ခဲ့တဲ့အတန်းလိုက် Certificate ကိုလက်ခံဖို့အတွက် ကျနော်တို့လုပ်ဆောင်ရမယ်။ အခုပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ဒုက္ခသည်စခန်းမှာရှိတဲ့က လေးတွေကလည်း ရှိသင့်သလောက် အရည်အချင်းရှိပါတယ်။ သူများနဲ့ သင်ရိုးညွှန်းတမ်းမတူသော်လည်း သူတို့လိုက်မီတဲ့အရည်အချင်းရှိတယ်။ ကျနော်တို့ ပညာရေးကို လက်မခံသေးတဲ့အတွက် ကျောင်းပြီး တဲ့ကလေးတွေက သူတို့ဘာသာသူတို့ တစ်ခြားနည်းလမ်းပြန်ရှာပြီး တက်ရတယ်။ တကယ်လို့ အသိအမှတ်ပြုခံရရင် ကျောင်းပြီးလက်မှတ်နဲ့ပြလိုက်ရုံပဲ။
မေး။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ဘယ်အခြေအနေဘဲရှိရှိ ပြောချင်တာက စခန်းမှာရှိတဲ့ကလေးတွေအနေနဲ့ အပြည့်အစုံ သင်ယူလေ့လာထားပါ။ အဲလို လေ့လာထားမှ နောက်ထပ်လှေကားတစ်တစ်တက်နိုင်ဖို့ အောက်ခြေခိုင်မယ်။ သင်ကြားမှု အပြည့်အဝရထားရင် နောက်ထပ်ဘာလုပ်ရမလဲလမ်းကြောင်းကပွင့်လာမှာပဲ။ နောက်ပြီး ကျောင်းဆရာ/ဆရာမဖြစ်ဖြစ်၊ ပညာရေးအတွက်လုပ်ဆောင်ပေးသူဖြစ်ဖြစ်၊ စခန်းထဲမှာနေထိုင်သူဖြစ်ဖြစ်၊ အရှေ့က ကျနော်ပြောနေတဲ့ ကျောင်းဆရာ/ဆရာမတွေ ထောက်ပံ့မှုရှိသေးတယ်ဆိုတာက သူတို့တွေအတွက် လုံလောက်တဲ့အခြေအနေမဟုတ်ဘူးဆိုတာ စဉ်းစားပေးဖို့ဖြစ်တယ်။
ကျောင်းသားမိဘတွေအနေနဲ့လည်း ကျောင်းလိုအပ်ချက်တွေကို လက်တွဲဝိုင်းဝန်းပံ့ပိုးကူညီပေးဖို့ပါ၊ အဲဒါမှ ကျောင်းဆရာ/ဆရာမတွေ ကျောင်းအုပ်တွေက အားရှိမှာဖြစ်တယ်။ နောက်ပြီး နိုင်ငံတကာမှာရောက်နေတဲ့ ကရင်လူထုတွေအနေနဲ့ ကျနော်တို့ ဒုက္ခသည်စခန်းထဲက ပညာရေးကို အလေးထားပြန်ကြည့်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်။



















