ဖေဖော်ဝါရီ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာနှင့်နိုင်ငံရေးအာဏာကို အပြည့်အဝဆက်လက်ချုပ်ကိုင်ထားနိုင်ရေး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကိုပြဌာန်းပြီး ကောင်စီစုဖွဲ့ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးနှင့်ဥပဒေရှုထောင့်အရ အကဲခတ်လေ့လာသူများက သုံးသပ်ပြောဆိုသည်။
နိုင်ငံ၏တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေပြဌာန်းရေး၊ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကိစ္စများ၌လုပ်ပိုင်ခွင့်ပေးထားသော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီစုဖွဲ့နိုင်သည့် ဥပဒေကို အာဏာသိမ်းခေါင်းဆောင် ယာယီသမ္မတမင်းအောင်လှိုင်က ယမန်နေ့(ဖေဖော်ဝါရီ ၃ ရက်)ဖြင့် ပြဌာန်းလိုက်ခြင်းဖြစ်သည်။
ယာယီသမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်နေရာ တပြိုင်တည်းယူထားသည့် မင်းအောင်လှိုင်က ရွေးကောက်ပွဲအလွန် လွှတ်တော်ခေါ်ယူအပြီး သမ္မတသစ်ဖြစ်လာနိုင်သော်လည်း စစ်အာဏာကိုပါလက်မလွှတ်ရရေးအတွက် ဥပဒေပြဌာန်းပြီး ကော်မတီစုဖွဲ့ရန်ပြင်ခြင်းဖြစ်သည်ဟု နိုင်ငံရေးနှင့်ဥပဒေဆိုင်ရာ လေ့လာသုံးသပ်သူများက ဆိုသည်။
“မင်းအောင်လှိုင်က သူစိတ်ကြိုက်ရလဒ်နဲ့ဖွဲ့စည်းမယ့်လွှတ်တော်မှာတောင် သူ့စိတ်ကြိုက်ဥပဒေကိုမပြဌာန်းဝံ့ဘဲနဲ့ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် သူ့တစ်သဘောတည်းနဲ့လုပ်တာ။ နောင်ပေါ်လာမယ့်အစိုးရ၊ လွှတ်တော်နဲ့တရားစီရင်ရေးကို သူတို့ဒီတိုင်းလွှတ်မထားနိုင်ဘူး။ ဒါကိုချုပ်ကိုင်နိုင်ဖို့လို့ယူဆတယ်။” ဟု နိုင်ငံရေးသုံးသပ်သူ မောင်ကျော်စွာက ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေအရ ကောင်စီစုဖွဲ့ရာတွင် အနည်းဆုံးအဖွဲ့ဝင်(၅)ဦးပါဝင်ရမည်။ ဥက္ကဌနှင့်အတွင်းရေးမှူးနေရာအပါအဝင် ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုပါ သမ္မတ ကသတ်မှတ်ပေးရန်ဖြစ်ကြောင်း ကြေညာစာတွင်ဖော်ပြသည်။
တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက “သမ္မတရာထူးကိုယူရင် နိုင်ငံ့ဝန်ထမ်းရာထူးကိုလက်လွှတ်ရမယ်။ စစ်ခေါင်းဆောင်အနေနဲ့စစ်တပ်ကိုလက်လွှတ်လိုက်ရရင် နောက်ကျောမလုံတဲ့အခြေအနေကိုရောက်သွားပြီ။ စစ်ဦးစီးချုပ်ရာထူးမယူဘဲ သမ္မတအထက်မှာနေဖို့ဆိုရင် အခုအတိုင်ပင်ခံကောင်စီဥက္ကဌနေရာက သူ့အတွက်အကောင်းဆုံးပဲ” ဟု သုံးသပ်သည်။
ဥပဒေပြဌာန်းခြင်းအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်အုပ်စုက ကြေညာစာတွင်ဆိုသည်။ သို့သော် လွှတ်တော်မှလွဲ၍ အာဏာသိမ်းထားသည့်စစ်အုပ်စုအနေဖြင့် ဥပဒေပြဌာန်းခွင့်မရှိသလို တရားမဝင်ရွေးကောက်ပွဲဖြစ်သောကြောင့် မည်သို့စုဖွဲ့မှုဖြစ်စေ တရားမဝင်ကြောင်း စောဘဦးလေးက ဖြည့်စွက်ပြောဆိုသည်။
“သူတို့အင်မတန်ကြိုက်တဲ့ ၂၀၀၈ ရှုထောင့်ကပြန်ကြည့်ရင်တောင် ရွေးကောက်ပွဲကျင်းပပိုင်ခွင့်မရှိသလို ဒီဥပဒေမျိုး အာဏာသိမ်းစစ်တပ်ကပြဌာန်းလို့ရတာမဟုတ်ဘူး။ နောက်ပေါ်လာမယ့် လွှတ်တော်က ဒီဥပဒေကိုအချိန်မရွေးဖျက်သိမ်းလို့ရတယ်ဆိုပေမဲ့ အကုန်လုံးကကြိုးဆွဲရာကရမယ့် ရုပ်သေးရုပ်တွေဖြစ်နေတော့ ဥပဒေနဲ့မညီပေမဲ့ မျက်နှာပြောင်တိုက်ပြီး လုပ်တယ်လို့ပြောရမယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကောင်စီ၏သက်တမ်းအား သမ္မတသက်တမ်းအတိုင်းသတ်မှတ်ထားပြီး ရုံးလုပ်ငန်းများကိုလည်း သမ္မတရုံးကစီစဥ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလမှဇန်နဝါရီလအထိ စစ်အုပ်စုက ၎င်းတို့စိတ်တိုင်းကျပါတီများပါဝင်သည့် ရွေးကောက်ပွဲကိုအပိုင်း(၃)ပိုင်းဖြင့်ပြုလုပ်သွားပြီး ကြိုတင်မှန်းဆသည့်အတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲအများဆုံးအနိုင်ရရှိခဲ့သည်။ လာမည့်မတ်လတွင်မူ လွှတ်တော်ခေါ်ယူမည်ဖြစ်ကြောင်း စစ်အုပ်စုကဆိုသည်။
လွှတ်တော်မတိုင်ခင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေပြဌာန်းလာခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရလက်ထက်ကကဲ့သို့ စစ်ခေါင်းဆောင်က နိုင်ငံတော်အတိုင်ပင်ခံကောင်စီဥက္ကဌရာထူးရယူပြီး သမ္မတနှင့်အတူ နိုင်ငံရေးအာဏာချုပ်ကိုင်သွားနိုင်သည်။ ထို့အတူ တပ်ချုပ်၏စစ်ရေးအာဏာကိုလည်း စစ်ခေါင်းဆောင်က လက်လွှတ်ခံနိုင်ဖွယ်မရှိကြောင်း လေ့လာသုံးသပ်သူများက သုံးသပ်ယူဆလျက်ရှိသည်။



















