ဖေဖော်ဝါရီ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အပါအဝင် မြဝတီဒေသသို့ စစ်အုပ်စုအင်အားအများအပြား ဖြည့်တင်းနေခြင်းကြောင့် မြဝတီတောင်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံတစ်ဝိုက်ရှိဒေသခံများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က လုံခြုံရေးအရ ဘေးကင်းရာအရပ်သို့ ယနေ့ နေ့လည်နောက်ဆုံးထားပြောင်းရွှေ့ခိုင်းသည်ဟု နယ်စပ်သတင်းအရင်းအမြစ်မှသိရသည်။
KNLA ပူးပေါင်းတပ်က ယမန်နေ့(ဖေဖော်ဝါရီ ၃ရက်)နေ့မှစ၍ သုံးရက်အတွင်း ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ကြရန် နှိုးဆော်ထားသော်လည်း ယနေ့တွင်မူ (၁၂)နာရီအချိန်နောက်ဆုံးထားပြောင်းရန် အသိပေးလာသည်ဟု ဆိုသည်။
“မနေ့ကတော့သုံးရက်အတွင်းဆိုပြီး ဒီနေ့ကျ နေ့လည်(၁၂)နာရီနောက်ဆုံးရွှေ့ခိုင်းတာ အားချင်းပဲ။ ကမ်းနားရော၊ ဖလူးရော မင်းလက်ပံရော လူမှန်သမျှ လွတ်ရာကျွတ်ရာပေါ့။ မိုးပြာ(ပလောတပို့)လည်းရွှေ့လို့ရတယ်။ ဒါပေမဲ့ အဲဒီမှာလည်းမလုံခြုံဘူးဆိုပြီး တချို့ကဒီဘက်ကမ်းရွှေ့လာတယ်။” ဟု မင်းလက်ပံစစ်ရှောင်ရွာသားတစ်ဦးက ယနေ့မနက်ပိုင်းတွင် ပြောသည်။
ကရင်စစ်ရေးသတင်းအရင်းအမြစ်၏ပြောပြချက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကုန်ပိုင်းကတည်းက မြဝတီတောင်ပိုင်းကိုစစ်အုပ်စု စစ်ကြောင်းထိုးဖောက်နိုင်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် ဒေသခံများ ထိုင်းနှင့်မြန်မာ သောင်ရင်းမြစ်ကမ်းနားရှိ ဘေးလွတ်ရာနေရာများနှင့် စစ်ရှောင်စခန်းများတွင် ရှောင်တိမ်းနေသူထောင်နှင့်ချီရှိကြောင်းလည်း စစ်ရှောင်တာဝန်ရှိသူများမှသိရသည်။

စစ်ဘေးရှောင်ဦးရေ (၁,၀၀၀) ထက်မနည်း နေထိုင်သည့် ပလောတပို့စစ်ဘေးရှောင်စခန်း တာဝန်ရှိသူက “ညကပြောတာကြားတယ်။ မင်းလက်ပံကရွာသားတွေကို ပလောတပို့မှာပြန်ရွှေ့ခိုင်းလို့လေ၊ အခုပဲနေရာလုပ်နေကြတယ်။” ဟု ကေအိုင်စီကိုပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံဘက်တွင်လည်း သောင်ရင်းမြစ်ကမ်းနားနှင့်နီးကပ်စွာနေထိုင်သည့် ထိုင်းနိုင်ငံသားများကို အာဏာပိုင်များက ကျည်လွတ်ရာပြောင်းရွှေ့ခိုင်းထားကြောင်း မင်းလက်ပံတဖက်ခြမ်း ထိုင်းနိုင်ငံ၊ မယ့်ကိုကင်းရွာတွင် နေထိုင်သူများထံမှသိရသည်။
ယခုနှစ် ဇန်နဝါရီလပိုင်းတွင် ရန်ကုန်-သထုံလမ်းမှ မွန်ပြည်နယ်သို့လည်းကောင်း ကရင်ပြည်နယ်ရှိ တပ်ရင်းတပ်စခန်းများသို့လည်းကောင်း စစ်မော်တော်ယာဥ်များဖြင့် အင်အားအကြီးအကျယ်ဖြည့်ပြီး တပ်ဖြန့်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ထိုစဥ်ကတည်းက ယမန်နေ့ ဖေဖော်ဝါရီ(၃)ရက်နေ့အထိ တက်လာသည့် စစ်အုပ်စုမော်တော်ယာဥ်တန်းတွင် လူအင်အားနှင့်လက်နက်ခဲယမ်းအပြင် လမ်းတံတားပြုပြင်ရေးမော်တော်ယာဥ်များလည်း ပါဝင်လာသဖြင့် ကော့ကရိတ်-မြဝတီအာရှလမ်းသစ်ကို အရဖွင့်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။



















