“ကားပေါ်မှာ ဘယ်အချိန်ဆွဲသွားမလဲ။ အိမ်တံခါးကို ဘယ်ချိန်လာခေါက်မလဲ။ ဘယ်နေရာပဲနေနေ မလုံခြုံဘူးလို့ စိတ်ခံစားရတယ်”
Karen Organization of America အဖွဲ့ဝင် စောကနေဒီနှင့်ဆက်သွယ်မေးမြန်းခြင်း
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစတင်ကာ မင်နီဆိုးတားရောက် ရွှေ့ပြောင်းနေထိုင်သူများကို ICE အဖွဲ့ဝင် အာဏာပိုင် များက တဖြည်းဖြည်းအရှိန်မြှင့် လာရောက်စစ်ဆေးမှုများပြုလုပ်နေခြင်းအပေါ် ကရင်အပါ အဝင် မြန်မာနိုင်ငံမှရွှေ့ပြောင်းနေထိုင်သူများကြား ရင်ဆိုင်နေရသည့် စိုးရိမ်ပူပန်နှင့်ပတ်သက်ပြီး မင်နီဆိုးတားပြည် နယ်တွင် နေထိုင်သည့် Karen Organization of America-KOA မှ ဆရာစောကနေဒီကို ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ အမေရိကန်မှာ ဖြစ်ပေါ်နေတဲ့ ICE ရဲ့ ဖမ်းဆီးမှုသတင်းတွေနဲ့ပတ်သက်ပြီး မင်နီဆိုးတားက ကရင်အသိုင်းအဝိုင်းကြား ဘယ်လိုတွေ ကြုံတွေ့နေရသလဲ။
ဖြေ။ အခု လက်ရှိ ဒီမင်နီဆိုးတား စိန့်ပေါလ်မြို့နဲ့ Twin မြို့က မင်နီယာပေါလိစ်နဲ့ စိန့်ပေါလ်မှာ နေထိုင်ကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေပေါ့၊ ကရင်လူမျိုးကြီးပဲ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတွေ ရှိတယ်။ မြန်မာနိုင်ငံ သားတွေမှာ ကျောင်းလာတက်ကြတဲ့ ကျောင်းသားတွေ၊ Extension လျှောက်ထားတဲ့သူတွေ၊ ဒုက္ခသည်နဲ့ ရောက်လာကြတဲ့သူတွေ ရှိတယ်။ အားလုံးက သူတို့အတွက် စိုးရိမ်ပူပင်နေကြတာပေါ့။
ဘာလို့လဲဆိုတော့ ဒီ ICE အဖွဲ့က ရာဇဝတ်မှု ရှိထားတဲ့သူတွေကြီးပဲ ဖမ်းတာမဟုတ်သလို သူတို့ပြန်ပြီး စိစစ်မေးမြန်းရမယ့်သူတွေကြီးပဲ ခေါ်တာလည်း မဟုတ်ဘူး။ သူတို့သံသယရှိတဲ့ သူတွေကို သူတို့ ခေါ်မေးတယ်။ မေးတာကို သူတို့စိတ်တိုင်းကျ အဖြေမရလို့ရှိရင် ဖမ်းလိုက်တယ်။ ပြီးတော့မှ သူများပြန်လိုက်မှ သူတို့ပြန်လွှတ်ပေးတာတွေ ရှိတယ်။ အဲဒီ အပြစ်မရှိတဲ့သူတွေ တရားမဝင်နေထိုင်ကြတဲ့သူ အဖမ်းခံရတဲ့သူတွေပေါ့နော်။
မေး။ ။ ဒီအပေါ်မှာ အဲဒီမှာ နေထိုင်သူတွေက ဘယ်လို စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေရသလဲ။
ဖြေ။ သူတို့က တခြားလူမျိုးတွေမှာလည်းပဲ ဖမ်းနေကြတယ်။ လူမှုကွန်ရက်စာမျက်နှာမှာဆို လူတိုင်းပဲ လမ်းပေါ်မှာ တွေ့တာနဲ့ ဘယ်မှာရှိနေလဲ ဒီနားမှာမလာကြနဲ့ဆိုပြီးတော့ပေါ့နော်။ အစားအသောက်ဝယ်တဲ့ ကုန်စုံဆိုင်တွေ ဓါတ်ဆီဆိုင်တွေ ပြီးတော့ ကျောင်းတွေမှာလည်းပဲ သူတို့လိုက်ဖမ်းကြတယ်။ ကျောင်းတွေလည်း ပိတ်ထားကြရတယ်။
၂၃ ရက်နေ့ သောကြာနေ့မှာ အားလုံးသပိတ်မှောက်ကြဖို့အတွက် လူမှုကွန်ရက် စာမျက်နှာကနေ သတင်းတွေ လွှင့်ကြတယ်။ ဒါကတော့ အမေရိကန်နိုင်ငံသား လူဖြူတွေပါ။ ကျနော်တို့ အိမ်နီးချင်းလူဖြူတွေလည်းပဲ ဒီရွှေ့ပြောင်းနေထိုင်သူတွေကို တော်တော်ကို ကိုယ်ချင်းစာပြီးတော့ စာနာထောက်ထားကြပါတယ်။ အဲဒီချိန်ကျမှ သူတို့က ကိုယ့်အပေါ်မှာ စေတနာ ဘယ်လောက်ရှိသလဲ။ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စပတ်သက်ပြီး သူတို့က အမှန်တရားဘက်ကို ရပ်တည်တဲ့အခါ သတ္တိရှိရှိနဲ့ ရှေ့ကနေ ရင်ဆိုင်တာတွေ တွေ့ရတယ်ပေါ့နော်။
အဲ့လိုမျိုးတွေ တွေ့ရလို့ ကျနော်တို့လည်း စိတ်ခွန်အားတွေ ပြန်ရှိရတာပေါ့။ မဟုတ်လို့ရှိရင် ဒီ ရွှေ့ပြောင်းနေထိုင်သူတွေကို မလိုလားတဲ့ လူတစ်စုရဲ့ ဖိအားပေးမှုတွေကြောင့် ကျနော်တို့ ရွှေ့ပြောင်း နေထိုင်သူ ဘဝတွေဟာ ဒီအမေရိကမှာ စိတ်သောကပူပန်မှုတွေနဲ့ နေ့တိုင်း နေနေရတယ်။ ကားပေါ်မှာ ဘယ်အချိန်ဆွဲသွားမလဲ။ အိမ်တံခါးကို ဘယ်ချိန်လာခေါက်မလဲ။ ဘယ်နေရာပဲနေနေ မလုံခြုံဘူးလို့ စိတ်ခံစားရတယ်။ အဲဒီစိတ်သောကက တော်တော်ဆိုးပါတယ်။
မေး။ ။ စိုးရိမ်မှုကြောင့် မိမိကိုယ်ကိုယ် သေကြောင်းကြံမှုတွေအထိ ရှိလာတယ်လို့ ကြားသိရတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ကျနော်တို့ မြန်မာနိုင်ငံသားက ကျောင်းသူလေးတစ်ယောက်ပါ။ သူက ဒီအဖမ်းခံရမှာကို စိတ်ပူစိုးရိမ်ပြီးတော့ စိတ်ဖိစီးမှုတွေ တအားဖြစ်ပြီးတော့ သူ့ကိုယ်သူ သေကြောင်းကြံတယ်။ တော်သေးတာပေါ့၊ သူ့ကို အဲဒီဖြစ်ပျက်တဲ့အချိန်မှာ တွေ့သွားပြီး ဆေးရုံပို့တာ အချိန်မီလိုက်လို့ သူအသက်မဆုံးရှုံးရဘူးပေါ့နော်။
တလောကလည်း အဖမ်းခံရတဲ့ညီမတစ်ယောက်ဆိုရင် သုံးလသားအမေပေါ့။ သူ့ကလေးကလည်း နို့စို့တဲ့အရွယ်လေနော်။ သူကျတော့ အသစ်ရောက်လာတာ။ သူ့ယောကျ်ားကတော့ လူဟောင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မဖမ်းသွားဘူး။ သူ့ကိုပဲ ဖမ်းသွားတယ်။ တကယ်တမ်း သူသာ စကားပြောတတ်ခဲ့မယ်ဆိုရင်တော့ အကျိုးသင့်အကြောင်းသင့် ပြောပြနိုင်လို့ရှိရင် အဖမ်းမခံရဘူးပေါ့နော်။
မေး။ ။ ဒီဖမ်းဆီးမှုသတင်းတွေက နေ့စဉ်လူမှုဘဝအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိနေသလဲ။
ဖြေ။ အလုပ်ရှိကြတဲ့သူတွေလည်းပဲ အလုပ်မသွားရဲကြတော့ဘူး။ အပြင်ထွက်ပြီး စျေးဝယ် မယ်ဆိုလည်း သူတို့မဝယ်ကြတော့ဘူး။ သူတို့နေကြတဲ့အိမ်တွေမှာလည်းပဲ မနေရဲကြတော့ဘူး။ တခြားအသိမိတ်ဆွေအိမ်တွေမှာ ပုန်းရှောင်ပြီးတော့ နေနေကြတယ်။
သူတို့တွေက အပြတ်ရှင်းထုတ်မယ်လို့ ကြားထားတယ်။ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး အားလုံးက မလိုလားဘဲနဲ့ သောကတွေကို လွယ်နေရတာက တော်တော် လေးကို ဆိုးတယ်ပေါ့န်ော။ ပြီးတော့ တခြား ပြည်နယ်တွေမှာလည်းပဲ လိုက်ပြီးတော့ စဖမ်းနေတာတွေကို သူငယ်ချင်းမိတ်ဆွေဆီကနေတဆင့် ကြားသိရပါတယ်။
မေး။ ။ မင်နီဆိုးတားပြည်နယ်မှာ ဘာကြောင့် အခုလို စစ်ဆေးနေတာလဲ။
ဖြေ။ ကျနော်တို့ မင်နီဆိုးတားက ဒီမိုကရက်တစ် ပြည်နယ်ဖြစ်တာကို Republican နိုင်ငံရေးအဖွဲ့က သူတို့နဲ့က ပါတီအပြိုင်တွေဆိုတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့က ကိုယ့်ဘက်ကို အနိုင်ဆွဲကြတာပေါ့။ ဒီလို ပါတီနှစ်ခုကြားထဲက လွန်ဆွဲပွဲတွေကြောင့် ပြည်သူတွေက ခံရတာပေါ့။ တကယ်တမ်း သူတို့ ခေါင်းစဥ်တပ်ပြီး အပြစ်ရှိတဲ့သူတွေကို ဖမ်းဆီးတယ်ဆိုပေမယ့် သူတို့ရဲ့ လူ့အခွင့်အရေးချိုး ဖောက်ပြီးတော့ ပြုကျင့်လာတဲ့ အပြုအမူတွေကြောင့် ပြည်သူတွေမှာ ပိုပြီးတော့ ဒုက္ခရောက်ကြတယ်။
မေး။ ။ ဒီစစ်ဆေးမှုတွေက ဘယ်အချိန်ထိ ဆက်ရှိနေမယ်လို့ သိရသလဲ။
ဖြေ။ အခု လောလောဆယ်ကတော့ သူတို့ဘွက်ကင်လုပ်ထားတဲ့ ဧပြီလထိပေါ့။ ဒီ ICE အယောက် နှစ်ထောင်ကပေါ့နော် အပြတ်ရှင်းမယ်လို့တော့ သူတို့ကတော့ ပြောတယ်လို့ တဆင့်ခံ ကြားရတယ်။ ခုကတော့ သူတို့ကတော့ တရားစွဲခံရတဲ့ပေါ် မူတည်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကလည်း တစ်ရက် နှစ်ရက်အတွင်း လျော့သွားတာ တွေ့ရတယ်။ လူမှုကွန်ရက်မှာ အရမ်းကြီး လူတွေမအော်ကြတော့ဘူး။
အစောပိုင်းကဆိုရင် တော်တော်လေးဆိုးဆိုးရွားရွား ဖြစ်တယ်။ ဗီဒီယိုတွေလည်း ထွက်လာကြတတယ်။ သူတို့ကို ကားပေါ်မှာ ထိုင်ပြီးတော့ ဗီဒီယို ရိုက်နေတယ်ဆိုရင် အဲဒီ ကားမှန်ကြီးကို ရိုက်ခွဲလိုက်ပြီး ရိုက်တဲ့လူကိုလည်း ဖမ်းသွားတယ်။ ဒီလို ဗီဒီယို ထွက်လာတဲ့အချိန်မှာ ချက်ချင်းပဲ အာဏာပိုင်တွေက ဒီလိုမတော်မတရား လူ့အခွင့်အရေးချိုးဖောက်တာတွေ တွေ့ရတဲ့အခါကျတော့ ဒါတွေကို အားလုံး သူတို့က သက်သေအထောက်အထားအနေနဲ့ ပြန်ယူပြီး တရားပြန်စွဲတာပေါ့နော်။
မေး။ ။ တခြားပြည်နယ်မှာလည်းပဲ မင်နီဆိုးတားလိုမျိုး ဆိုးရွားတဲ့အခြေအနေတွေ ကြုံတွေ့ရသေးလား သိပါရစေ။
ဖြေ။ ဒီမင်နီဆိုးတားဆီမှာ ဖြစ်ပြီး တစ်ပတ်ကြာတဲ့အချိန်မှာ Wisconsin ဘက်မှာလည်းပဲ စပြီးတော့ ဖမ်းတယ်။ တဆက်တည်းမှာပဲ Iowa နဲ့ Nebraska ဘက်မှာလည်း စဖမ်းတယ်လို့ မိတ်ဆွေတွေဆီက ကြားရပါတယ်။ အဲဒီမှာတော့ ဒီမင်နီဆိုးတားလိုမျိုး ဆိုးဆိုးရွားရွားတော့ မကြားသေးပါဘူး။
မေး။ ။ ဖြည့်စွက်ပြောချင်တာ ရှိပါသလား။
ဖြေ။ ကျနော်တို့ ပြည်သူတွေအနေနဲ့ကလည်း ကိုယ့်နိုင်ငံကနေ ဘာကြောင့် ထွက်လာရသလဲဆိုတာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့လို့လည်း ဒုတိယနိုင်ငံရောက်လာတယ်။ ဒုတိယနိုင်ငံမှာလည်းပဲ လုံခြုံမှု အပြည့်အဝ မရှိဘူး။ တတိယနိုင်ငံရောက်တဲ့အချိန်မှာလည်းပဲ ဒီလိုမျိုးမလုံခြုံတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေနဲ့ ထပ်ပြီးတော့ ကြုံတွေ့နေရတုန်းပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဟိုးအရင်က ရှိခဲ့တဲ့ ထရော်မာတွေကလည်း ဆက်ပြီးတော့ ရှိနေတုန်းပဲလေနော်။
ဒါတွေက မရှိသင့် မရှိအပ်တော့တဲ့ စိတ်ခံစားမှုတွေပါ။ ဒီစိတ်ခံစားမှုက နိစ္စဓူဝ ဖြတ်သန်းနေရတဲ့ အလုပ်တွေကိုလည်းပဲ တော်တော်လေးကို ထိခိုက်သလို ကိုယ့်ရဲ့ လူမှုဘဝကိုလည်း အတော် ထိခိုက်ပါတယ် ။ ဒါကြောင့် အထူးသဖြင့် ကျန်းမာရေးမကောင်းတဲ့ ဓါတ်ခံရှိထားကြတဲ့ လူကြီးသူမတွေဆိုရင် ပိုပြီးတော့ သက်ရောက်မှုရှိတယ်။ သူတို့ကိုလည်းပဲ အရမ်းကိုယ်ချင်းစာပါတယ်။ ဒီလိုမျိုး ကိစ္စကနေ အမြန်ဆုံး ကင်းလွတ်ပါစေလို့ အားလုံးအတွက်ကိုလည်း ကျနော် ဆုတောင်းပေးပါတယ်။



















