Home သတင်း ICE အဖွဲ့ အဖမ်းအဆီးကြောင့် မင်နီဆိုးတားရောက် ရွှေ့ပြောင်းနေထိုင်သူများ သတိထားနေထိုင်ရ

ICE အဖွဲ့ အဖမ်းအဆီးကြောင့် မင်နီဆိုးတားရောက် ရွှေ့ပြောင်းနေထိုင်သူများ သတိထားနေထိုင်ရ

350
Photo: Social Media

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်အတွင်း အမေရိကန်လူဝင်မှုနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ -ICE က ဆက်တိုက် စစ်ဆေးဖမ်းဆီးများ ပြုလုပ်နေခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် အသွားအလာ မလုပ်ရဲတော့ဘဲ သတိထားနေထိုင်ကြရကြောင်း မင်နီဆိုးတား ကရင်အသိုင်းအဝိုင်းထံမှ သိရသည်။

မင်နီဆိုးတားပြည်နယ်ရောက် ကရင်အပါအဝင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများမှာ အဓိက ပစ်မှတ်ထား စစ်ဆေးတင်းကြပ်မှုများခံနေရသလို ဖမ်းဆီးခေါ်ဆောင်မှုများလည်း ကြုံနေကြရသောကြောင့် စိုးရိမ်ကြောက်ရွံ့မှုများလည်း မြင့်တက်လာနေကြောင်း မင်နီဆိုးတားရှိ ကရင်လူမှုအဖွဲ့အစည်း ကူညီဆောင်ရွက်ပေးသူ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ အခုဆိုရင် ဆက်တိုက်သူတို့ဖမ်းတယ်။ ဒီထက်လည်း ပိုဖမ်းမယ့်အခြေအနေရှိတယ်။ ခုဆို ကျမတို့ နေတဲ့နေရာဆို (၄)ယောက်ဖမ်းခံထိထားတယ်။ ဒီထဲမှာ အမှိုက်သွားပစ်လို့ ဖမ်းခံထိတာလည်းရှိတယ်။ ဒါကြောင့် အခုကြောက်လန့်ပြီး ဘုရားကျောင်းသွားတာမပြောနဲ့ လူတွေက စျေးတောင် ထွက်မဝယ်ရဲတော့ဘူး။ ကလေးတွေ တော်တော်များများလည်း ‌ကျောင်းသွားတာ ရပ်ထားရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဇန်နဝါရီလဆန်းပိုင်းမှစပြီး မင်နီဆိုးတားရောက် ရွှေ့ပြောင်းနေထိုင်သူများသို့ ICE အဖွဲ့ဝင်အာဏာပိုင်များက လာရောက်စစ်ဆေးမှုများ တဖြည်းဖြည်းအရှိန်မြှင့် လုပ်ဆောင်လာခြင်းဖြစ်သည်။ ဖမ်းဆီးခံရပါက တခြားပြည် နယ်လို့ လွှဲပြောင်းပို့ဆောင်ထားရှိခြင်းကြောင့် လိုက်လံကူညီဆောင်ရွက်ပေးနိုင်ရန် ပိုမို ခက်ခဲလာသည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည့် အခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း အဆိုပါ အမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့တွင် အမြဲတမ်းတရားဝင်နေထိုင်ခွင့်(Green Card) မှလွဲ၍ စာရွက်စာတမ်းအပြည့်အစုံဖြင့် နေထိုင်သည့် ဒုက္ခသည် ကရင်အမျိုးသမီးတစ်ဦးသည် သူမ၏ နေထိုင်ရာတိုက်ခန်းအတွင်း ICE ၏ ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

“တနေ့က ဖမ်းခံထိတဲ့အမျိုးသမီးဆို ဖမ်းပြီး မင်နီဆိုးတားမှာပဲ ထားတာလို့ ထင်တာ။ တကယ်တမ်း သူတို့ဖမ်းပြီး တာနဲ့ အခြားနေရာဖြစ်တဲ့ (Texas) ကိုချက်ချင်းပို့တာ။ ဒါကြောင့် ဒီနေ့လည်း မလွတ်သေးဘူး။ ဖမ်းပြီး တစ်ခြား နေရာပို့တော့ ကျမတို့လည်း လိုက်ရတာပိုခက်သွားတယ်။ ဒါပေမဲ့ မြန်နိုင်သလောက် မြန်အောင် ဆက်လိုက်ပေးရမယ် မဟုတ်ရင် နောက်ကျတာနဲ့ သူတို့က မြန်မာပြည်ကို ပို့မှာဆိုတော့လေ” ဟု ယမန်နေ့က ပြောသည်။

ထို့ကဲ့သို့ ဖမ်းဆီးခံမှုများအတွက် အာမခံငွေ ပေးသွင်းကာ ပြန်လည်လွတ်မြောက်နိုင်သော်လည်း လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်မှုများ အဆင့်ဆင့်လုပ်ဆောင်ရသည့် အခက်အခဲများကြောင့် မလွယ်ကူကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မင်နီဆိုးတားပြည်နယ်တွင် ရောက်ရှိနေထိုင်ကြသည့် မြန်မာနိုင်ငံမှ ဒုက္ခသည် နှစ်သောင်းကျော်ရှိပြီး အများစုမှာ ကရင်လူမျိုးများဖြစ်ကြသည်ဟု သိရသည်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် အမေရိကန်သို့ ရောက်လာကာ ယာယီအကာအကွယ်ပေးမှုအစီအမံ-TPS အစီအမံဖြင့်နေထိုင်ကြသည်ဟု ထိုပြည်နယ်တွင်း နေထိုင်သူများက ပြောသည်။

သို့သော် လာမည့် ဇန်နဝါရီလ (၂၆)ရက်နေ့မှစပြီး အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ယာယီ အကာအကွယ်ပေးမှုအစီအမံ-TPSကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

ယခုလပိုင်း ICE ၏ ဖမ်းဆီးမှုတွင် ကရင်အပါအဝင် မြန်မာနိုင်ငံက အခြားတိုင်းရင်းသားများလည်း ပါဝင်ကြ သည်။ မြန်မာစစ်အုပ်စု အာဏာသိမ်းပြီးမှ ခိုလှုံအနေဖြင့် မင်နီဆိုးတာပြည်နယ်သို့ ရောက်လာသူများ၊ လတ်တလော Green Card လျှောက်ထားဆဲသူများအနေဖြင့် ICE ဘက်က စိစစ်စစ်ဆေးရေးတင်းကြပ်နေခြင်းကြောင့် နေထိုင်သွားလာမှု ဂရုပြုကြရန်လည်း နှစ်ရှည်ရွှေ့ပြောင်းနေထိုင်သူ ကရင်သတင်းအရင်းအမြစ်များက တိုက်တွန်းသည်။