Home သတင်း မြဝတီမြို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

မြဝတီမြို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

787

ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သော စစ်အုပ်စု၏ ပထမပိုင်း ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း သိရသည်။

မြဝတီမြို့တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော ရပ်ကွက် (၁) မှ ရပ်ကွက် (၇) ထိ မဲရုံပေါင်း ၃၁ ရုံရှိပြီး ပူလွဲပူ၊ ရွှေကုက္ကိုလ် အပါအဝင် မဲကနယ်စသော မဲဆန္ဒနယ်အားလုံးတွင် မဲရုံ စုစုပေါင်း ၄၂ ရုံရှိသည်။

စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ အဆိုပါ ရပ်ကွက်များဖြစ်သော မြဝတီမြို့ အမှတ် (၁) ရပ်ကွက်တွင် မဲရုံ ၂ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၂၀၃၆ ဦးနှင့် အမှတ် (၂) ရပ်ကွက်တွင် မဲရုံ ၂ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၃၅၄၈ ဦးရှိသည်။

ထို့အပြင် အမှတ် (၃) ရပ်ကွက်တွင် မဲရုံ ၇ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၁၄၂၀၂ ဦး၊ ရပ်ကွက် (၄) တွင် မဲရုံ ၉ ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၆၄၁ ဦး၊ အမှတ် (၅) ရပ်ကွက်တွင် မဲရုံ ၉ ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၆၁၂ ဦးရှိသည်။

အလားတူ ရပ်ကွက် (၆/၇) တွင် မဲရုံ ၂ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၉၄ ဦးနှင့် မဲကနယ်၊ မဲပလဲ၊ ဖားကလူ၊ ပူလွဲပူ စသည်ဖြင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အမျိုးသား ၂၈၉၇၀ ဦးနှင့် အမျိုးသမီး ၂၈၁၁၂ ဦးရှိပြီး စုစုပေါင်း မဲဆန္ဒရှင် ၅၇၀၈၂ ဦးရှိကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

မြဝတီမြို့တွင် ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်အလို ဒီဇင်ဘာ ၂၇ ရက်က ဘုရင့်နောင်လမ်းမကြီး ပြည်ခိုင်ဖြိုးရုံးအနီး ဗုံး ၂ လုံး ပေါက်ကွဲခဲ့ခြင်း၊ ချစ်ကြည်ရေးတံတားအနီး ကမ္ဘောဇဘဏ် ဘေးလမ်းတွင် ဗုံးတစ်လုံးနှင့် မဟာစည်ဘုန်းတော်ကြီးကျောင်းအနီး ရေအုလမ်းဆုံအနီးတွင် ဗုံးများ အသီးသီး ပေါက်ကွဲခဲ့ခြင်းတို့ကြောင့် ဆန္ဒမဲလာပေးသူ နည်းပါးခြင်း ဖြစ်နိုင်သည်ဟု မဲလာပေးသူ တစ်ဦးက သုံးသပ်သည်။

Photo: Social Media