ဒီဇင်ဘာ (၂၈)ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ယနေ့(ဒီဇင်ဘာ ၂၈ ရက်)ပြုလုပ်သော စစ်အုပ်စု၏ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိမဲရုံများသို့ လာရောက်ဆန္ဒမဲပေးသူ တစ်ရုံလျှင် လူအရေအတွက်(၁,၀၀၀)ပင် မပြည့်ကြောင်း မဲရုံအခြေအနေစောင့်ကြည့်လေ့လာသည့် သတင်းအရင်းအမြစ်မှ သိရသည်။
စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်၏ကြေညာချက်အရ မြ၀တီမြို့ပေါ် ရပ်ကွက် (၇)ခုအပါအဝင် ပူလွဲပူ၊ ဖားကလူ၊ မဲကနယ်၊ မဲ့ပလဲ့ကျေးရွာအုပ်စုများတွင် မဲရုံပေါင်း(၄၂)ရုံရှိ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၆)သောင်းကျော်ရှိသည်။
ပျှမ်းမျှအားဖြင့် မဲရုံတစ်ရုံစာအတွက် မဲလာပေးရမည့်သူဦးရေ ၁ထောင်မှ၂ထောင်ကြားရှိသော်လည်း ညနေ (၄) နာရီ မဲရုံများပိတ်သိမ်းချိန်အထိ ဆန္ဒမဲပေးသူ တစ်ရုံလျှင် လူ(၁,၀၀၀)မပြည့်သလို အချို့ကျေးရွာများတွင် လူဦးရေထက်ဝက်ခန့်သာ မဲလာပေးကြသည်ဟု မဲရုံအခြေအနေစောင့်ကြည့်လေ့လာသူများက ဆိုသည်။
“မြဝတီမဲရုံတွေကတော့မဲထည့်သူနည်းတယ်။ ဒီနေ့ညနေမဲရုံတွေလူစာရင်းပိတ်တော့ တစ်ထောင်မပြည့်ဘူး။ မဲရုံတစ်ရုံဆို လူ (၂,၂၀၀) မဲထည့်ဖို့စာရင်းကပ်ထားတာ လာမထည့် ကြတာများတယ်။ မနက်ပိုင်းတစ်ချက်တော့လူရာနဲ့ချီလာပါသေးတယ်။ နေ့လည်လောက်ကနေ ပိတ်တဲ့အထိလူမရှိတော့ဘူး” ဟု မြဝတီမြို့ရှိ မဲရုံစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

မြို့ပြင်ပ ရွှေကုက္ကိုလ်အပါအ၀င် ကျေးရွာအုပ်စုများရှိမဲရုံများတွင် စစ်အုပ်စုက ကရင်လက်နက်ကိုင်အဖွဲ့များ၏ လုံခြုံရေးယူပေးထားခြင်းအားဖြင့် မဲထည့်ခိုင်းခြင်းရှိသည့်တိုင် လာရောက်ဆန္ဒမဲပေးသူနည်းပါးခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်-BGF နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။
မြဝတီမြို့ခံတစ်ဦးက “တချို့ရပ်ကွက်တွေဆို ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေက မဲစာရင်းစာရွက် တွေလိုက်ပေးပြီး မဲသွားထည့်ခိုင်းတာ။ ဒါပေမဲ့ မဲပေးနည်းမသိ ပေးရမယ့်သူမရွေးတတ်ဘူး။ တစ်ခန်းဝင်ခလုတ်တစ်ခုနှိပ်ပြီး ပြန်ထွက်လာကြမျိုး။ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလို လူအုန်းအုန်းထအောင်တိုးမနေပါဘူး” ဟု ကေအိုင်စီကိုပြောသည်။
ယမန်နေ့( ဒီဇင်ဘာ၂၇ ရက်နေ့)ကလည်း မြဝတီမြို့၊ ဘုရင့်နောင်လမ်းမကြီးရှိ ပြည်ခိုင်ဖြိုးရုံးအနီး၊ ချစ်ကြည်ရေးတံတားနား ဘဏ်ဘေးလမ်းနေရာနှင့် မဟာစည်ဘုန်းကြီးကျောင်းဝန်းကျင်တို့တွင် ဗုံးများအသီးသီးပေါက်ကွဲခဲ့သည်။ ထို့ကြောင့် အခြေအနေစောင့်ကြည့်သူများ၍ မဲပေးသူနည်းပါးခြင်းဖြစ်သည်ဟုလည်း လေ့လာသူတို့ကခန့်မှန်းကြသည်။
စစ်အုပ်စုက မြဝတီမြို့နယ်၏စုစုပေါင်းမဲရလဒ်ကို မကြေညာသေးသော်လည်း မြဝတီရှိမဲသွားပေးသူအများစုသို့ စုံစမ်းမေးမြန်းချက်အရ ကရင့်နိုင်ငံရေးပါတီများကို မဲထည့်ခဲ့သူပမာဏ များပြားကြောင်းသိရသည်။



















