Home သတင်း ရေဖြူ ခမောင်းချောင်းရွာတွင် နေအိမ်များကို စစ်တပ်က မီးရှို့

ရေဖြူ ခမောင်းချောင်းရွာတွင် နေအိမ်များကို စစ်တပ်က မီးရှို့

740
Photo: Social Media

ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာသို့ စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်း၌တပ်စွဲကာ အများပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ခမောင်းချောင်းရွာသို့ ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို ဒေသတွင်းရှိ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်တပ်က အထိနာပြီး ယခုလို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က အခုဘုန်းကြီး ကျောင်းထဲမှာ တပ်စွဲထားတော့ ရွာသားတွေလည်း ရွာထဲမနေရဲကြတော့ဘူး။ အဲ့တာနဲ့ စစ်တပ်က ရွာထဲကအိမ်တွေကိုမီးရိူ့တာပေါ့။ ဘယ်သူ့အိမ်တွေပါသွားလည်းတော့ မသိရသေးဘူး။ ရွာထဲကို ပြန်ဝင် မရဲလို့” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်အုပ်စုစစ်ကြောင်းသည် အင်းအား ၁၀၀ ဝန်းကျင်ခန့်ဖြင့် ကျေးရွာအတွင်း တပ်ဖြန့်ထားပြီး နှစ်ဖက် တိုက်ပွဲဖြစ်လာနိုင်သည့် အခြေနေများကြောင့် ဒေသခံများ ကြိုတင်တိမ်းရှောင်နေကြကြောင်း ရေဖြူမြို့နယ် စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

“စစ်တပ်ကအခုထိ ရွာထဲကမထွက်သေးဘူး။ တိုက်ပွဲဖြစ်မှာ စိုးတဲ့အတွက် ရွာသားတွေက ကြိုတင်ရှောင် နေတာမျိုးတော့ရှိတယ်။ ရွာထဲမှာတချို့တွေ မနေရဲကြတော့ဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အနီးဝန်းကျင်ရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ စသည့် ကျေးရွာများမှာ ဒေသခံများမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မှ စ၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင်ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ပြီးနောက် စစ်တပ်က ပြန်သိမ်းရန် အင်အားများဖြည့်တင်းပြီး နောက်တစ်ကြိမ် စစ်ကြောင်းထိုးလာ၍ ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။