ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်- ထားဝယ်ခရိုင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်−KNLA တပ်ဖွဲ့ဝင် တစ်ဦးကို သတိမေ့သည်အထိ ရိုက်နှက်မှု ကျူးလွန်ခဲ့သည့် NUG အထူးတိုင်းစစ်ဌာန၊ ဗျူဟာမှူးနှင့် တပ်ဖွဲ့ဝင် များကို နှစ်ဘက်ညှိနှိုင်းပြီးနောက် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု တပ်ပိုင်းဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။
ယခုလို KNLA တပ်ရင်း (၁၂)က NUG ဗျူဟာမှူးနှင့် အဖွဲ့ဝင်များကို ထိန်းသိမ်းထားသည့် ကိစ္စသည် နှစ်ဘက် နားလည်မှုလွဲခြင်းသာဖြစ်ပြီး ခေါင်းဆောင်များ ညှိနှိုင်းပြီးနောက် ပြေလည်သွားပြီး ဖြစ်သည်ဟု ဗျူဟာ (၃၃) တပ်ဖွဲ့ ဝင်များက ၎င်းတို့၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် ပြောဆိုထားသည်။
အဆိုပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ခရီးသွား ဒေသခံတစ်ဦးကို ရိုက်နှက်ခံရသည့် အပေါ် လက်နက်မပါဘဲ သွားဖြေရှင်းသည့် KNLA တပ်ဖွဲ့ဝင်တစ်ဦးကို T5 တပ်ဖွဲ့က သတိမေ့သည်အထိ ရိုက်နှက်၍ KNLA ဘက်မှ သက်ဆိုင်သည့် NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာနနည်းဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် T5 တပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထိုနေ့ညက ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်ဟု KNLAတပ်ရင်း (၁၂) တာဝန်ရှိသူက ယခုလို ပြောသည်။
“ သူတို့ စစ်ဆေး ရိုက်နှက်တဲ့ဒေသခံက ကျနော်တို့ တပ်ရင်း (၁၂)က တပ်ဖွဲ့ဝင်တစ်ဦးရဲ့ တစ်ဝမ်းကွဲလားမသိဘူး။ အဲဒါကို အကူညီတောင်းဖုန်းဆက်တော့ ကျနော်တို့လူတွေ သွားပြောပေးဖို့ သွားတယ်၊ ဘာလက်နက်မှမပါဘူး။ အဲမှာသွားပြောပေးတော့ စကားနည်းနည်းများကြတယ်။
T5 တပ်ဖွဲ့ဘက်က ကျနော်တို့ တပ်ဖွဲ့ဝင်ကို တွန်းတယ်၊ ပြီးတော့ထိုးတယ်။ လည်ပင်းနင်းတယ်။ ကျနော်တို့ လူတွေကို ဒီလိုလုပ်တာခံရတော့ ကျနော်တို့ဘက်ကလည်း ဒါကို လက်မခံနိုင်ဘူး။ အဲဒါကြောင့် ကိုယ့်နယ်မြေထဲမှာရှိတဲ့ သူတို့လူတွေကို အကုန်ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခုလို နှစ်ဖက်နားလည်မှုလွဲပြီး ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ညှိနှိုင်း ပြန်လွတ်ပေးလိုက်သည့် အခြေအနေများနှင့် ပတ်သက်၍ နှစ်ဘက်စလုံးက သတင်းရေးနေစဉ် အချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။



















