ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲက ဘန့်ဖူးပဲအမည်ရသည့် တောင်ပေါ်ကျေးရွာတွင် ယနေ့ ကျရောက်သည့် ကရင်နှစ် ၂၇၆၅ ခု၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ပွဲတော်ကို ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့ကြသည်။
ကရင်တိုင်းရင်းသားသီးသန့်သာ နေထိုင်သည့် အဆိုပါ တောင်ပေါ်ဒေသတွင် ယခင်က ကရင်နှစ် သစ်ကူးနေ့ကို အိမ်တွင်း၌သာ အကျဉ်းရုံးကျင်းပလေ့ရှိကြပြီး ယခုလို အခမ်းအနားမျိုးဖြင့် ပြုလုပ်ကျင်းပခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံပွဲစီစဉ်သူများက ပြောသည်။
ထိုင်းတောင်ပေါ်ဒေသ ကရင်များသာမက မြန်မာပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်ဒေသက ကရင်အမျိုးသားများပါ အခမ်းအနားကို လာရောက်စုဝေးပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြပြီး အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများ၏ ပေါင်းစည်းညီညွတ်ရေးကို ပြသလိုသည့်သဘောဖြစ်သည်ဟု ဦးဆောင်ကျင်းပသူများက ပြောသည်။

အခမ်းအနားကို ကရင့်မင်္ဂလာ ဖားစည်တီးပြီး ဖွင့်လှစ်ပေးခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ်တရ စကားများ ပြောဆိုခဲ့ကြသလို ကရင်ရိုးရာအကနှင့် သီဆိုဖျော်ဖြေပွဲများကို ထည့်သွင်းကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တာဝန်ရှိသူများနှင့် တာ့ခ် ခရိုင်အတွင်းက ဒေသအာဏာပိုင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ပြည်ပရောက် ကရင် အမျိုးသားများ၊ ဒေသခံ ထိုင်းကရင်များ၊ နယ်စပ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် ကျောင်းသူ ကျောင်းသားများအပါအဝင် လူထုပရိသတ် ၃၀၀ နီးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ ကရင်တောင်ပေါ်ဒေသသည် သမိုင်းဝင် ထိုင်းနိုင်ငံ၏ ကရင်စစ်သူကြီး စောဖာ့ဝေါ် အုပ်ချုပ်ခဲ့ရာ ဒေသဖြစ်သည်။ ယနေ့ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အခမ်းအနားတွင် နတ်ရွာစံဘုရင့်မိဘုရား သီရိခေတ်အတွက်လည်း တစ်မိနစ်ကြာ ငြိမ်သက်ဆုတောင်းပေးခဲ့ကြသေးသည်။



















