Home သတင်း ကရင်မျိုးဆက်ခေါင်းဆောင်များပါဝင်မည့် ဒုတိယအကြိမ် လူငယ်တွေ့ဆုံပွဲအတွက် ထပ်မံဖိတ်ခေါ်

ကရင်မျိုးဆက်ခေါင်းဆောင်များပါဝင်မည့် ဒုတိယအကြိမ် လူငယ်တွေ့ဆုံပွဲအတွက် ထပ်မံဖိတ်ခေါ်

988
Photo: KILC

အောက်တိုဘာ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားရေးအတွက် လက်ရှိ ဦးဆောင်နေသူ ခေါင်းဆောင်များနှင့် မျိုးဆက်သစ် ခေါင်းဆောင် များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပမည့် ဒုတိယ အကြိမ် အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များ (Karen Intergenerational Leadership Conference) တွေ့ဆုံပွဲတွင် ပူးပေါင်းပါဝင်ရန် ဦးဆောင်စီစဥ်သူများက ထပ်မံဖိတ်ခေါ်လိုက်သည်။

နိုဝင်ဘာလ ၈ ရက် မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာပြုလုပ်မည့် အဆိုပါ တွေ့ဆုံပွဲကို ကော်သူး လေနယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

တွေ့ဆုံပွဲအစီအစဥ် ဖြစ်မြောက်ရေးအတွက် အကြံပေးပုဂ္ဂိုလ် စောကပီက “မျိုးဆက်သစ်ခေါင်းဆောင်း ငယ်တွေနဲ့ အခု လက်ရှိ ရှိနေတဲ့ ခေါင်းဆောင်တွေ နားလည်မှုရှိပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှု ရှိစေဖို့။ ကွဲပြားနေတဲ့ ကရင်လူငယ်ခေါင်းဆောင်တွေကို ပြန်လည်စုစည်းဖို့။ အထူးသဖြင့် Young Professional တွေပေါ့။ သူတို့မှာရှိနေတဲ့ အသိပညာ အတတ်ပညာတစ်ခုခုနဲ့ ဒီကော်သူးလေ ထူထောင် ရေးမှာ အတူတကွ ပြန်လည် ပူးပေါင်းလုပ်ဆောင်လာနိုင်ဖို့အတွက် ဖြစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အနာဂတ်ကော်သူးလေ ထူထောင်‌ရေးအတွက် မိမိတတ်ကျွမ်းသည့် ပညာရပ်ဖြင့်

ပြင်းပြသောစိတ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်ရှိသည့် နိုင်ငံတကာရောက် ကရင်လူငယ်များ၊ ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ ကရင်လူငယ်များ အားလုံးပါဝင်ရန် ဖိတ်ခေါ်သည်ဟုလည်း စောကပီက ဖြည့်စွက်ပြောသည်။

Photo: KILC

(KILC) တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရမည့်သူသည် အသက် ၂၀ နှစ်အထက် ရှိရမည်ဖြစ်ပြီး ပညာအရည်အချင်း ကန့်သတ်ထားချက် မရှိသော်လည်း ကရင့်တော်လှန်ရေးအပေါ် ကူညီရန် နှင့် အနာဂတ်ကော်သူးလေ ထူထောင်ရေးအတွက် ဆန္ဒရှိမှု၊ ကရင့်တော်လှန်ရေးနှင့်သက်ဆိုင်သည့် အခြေခံအသိပညာများလည်း သိကျွမ်းထားရမည်ဟု သတ်မှတ်ထားသည်။

(KILC) တွေ့ဆုံပွဲ(ကွန်းဖရန့်) တက်ရောက်နိုင်ရန် သတ်မှတ်ချက်နှင့်ပြည်စုံသူများအနေဖြင့် အောက်တိုဘာလ ၆ ရက်မှ ၂၂ ရက်နေ့အတွင်း နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားသူများအထဲမှ ပါဝင်တက်ရောက်ခွင့်ရှိသူများကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြန်လည်အသိပေးသွားမည်ဟု ဖိတ်ခေါ်လွှာတွင် ဖော်ပြထားသည်။

သုံးရက်တာ ကျင်းပမည့် ၎င်းကွန်းဖရန့်တွင် သက်ဆိုင်ရာ ကရင်ခေါင်းဆောင်များနှင့် တက်ရောက်လာ မည့် ကရင်လူငယ်များအကြား တွေ့ဆုံ၍ လတ်တလော ရင်ဆိုင်နေရသည့် ကရင့်နိုင်ငံရေး အခြေအ နေများနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့၏ ဖိတ်ခေါ်မှု အစီအစဉ်အရ သိရသည်။

ယမန်နှစ် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ နှစ်ရက်တာ ကျင်းပသည့် ပထမအကြိမ် KILC ကွန်းဖရန့်ကို ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးမှ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များ စုစုပေါင်း လူဦးရေ (၁၂၀) ကျော် ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။