Home သတင်း ရွှေကုက္ကိုလ်၌ ကရင်နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပမည်

ရွှေကုက္ကိုလ်၌ ကရင်နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပမည်

890
Photo credit to ( ကရင့်သူရဲကောင်း FB)

အောက်တိုဘာ ၇ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ

ဒီဇင်ဘာလအတွင်း ကျရောက်မည့် ကရင်နှစ် ၂၇၆၅ ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်ကို နယ်ခြားစောင့်တပ် (BGF) အဖွဲ့ ဦးဆောင်၍ ကရင်ပြည်နယ်အတိုင်းအတာဖြင့် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၌ စည်ကားစွာ ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ ကရင်နှစ်သစ်ကူးပွဲတော်အတွက် ကုန်ကျစရိတ်များကို BGF အဖွဲ့မှ ကုန်ကျခံမည်ဖြစ်ကာ ပွဲဖြစ်မြောက်ရေးနှင့် ဖျော်ဖြေရေးအပိုင်းများကို ပြည်နယ် ကရင်စာပေယဉ်ကျေးမှုအဖွဲ့နှင့် ဘာသာရေး အဖွဲ့တို့က ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမည်ဟု ပွဲကျင်းပရေးကော်မတီနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့တွင် ရွှေကုက္ကိုလ်၌ ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲဖြစ် မြောက် ရေး ညှိနှိုင်းအစည်းအဝေးသို့ BGF ခေါင်းဆောင်များအပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် နယ်မြေခံ KNU တာဝန်ရှိသူအချို့ တို့ တက်ရောက်ခဲ့ကြသည်။ ထို့အတူ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ပြည်နယ်စာပေယဉ်ကျေးမှုအဖွဲ့နှင့် ကရင်အနုပညာအစည်းအရုံးတို့လည်း တက်ရောက်ခဲ့ကြသည်။

Photo credit to ( ကရင့်သူရဲကောင်း FB)

ထိုကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး နာယကအဖွဲ့ထဲတွင် ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များပါဝင်သည်ဟု ၎င်းအစည်းအဝေးကို တက်ရောက်ခဲ့သူ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး စောကြည်လင်းက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကျနော်ကတော့ ပြည်သူလူထုကိုယ်စားပြုပြီး အစည်းအဝေးတက်ဖြစ်တာ ဖြစ်တယ်။ ပွဲဖြစ် မြောက်ရေးအပိုင်းတော့ ကျနော်က တာဝန်ဘာမှမယူဘူး။ ဗိုလ်ချစ်သူက သူ့နယ်မှာပွဲ တစ်ခုခုကျင်းပရင် အကြီးကြီးပဲသူကျင်းပတယ်။ ငွေအင်အားလည်းတောင့်တော့ သူတို့လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ စည်ကားစွာကျင်းပမယ်။ သိန်းသောင်းနဲ့ချီလောက် ကုန်ကျနိုင်တယ်။ ဘယ်လောက်လျာထားလဲတော့ ကျနော်လည်းမသိဘူး။ ဒါပေမယ့် ပြည်သူလူထုတွေဆီမှာတော့ မတောင်းဘူးလို့ သိရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ မိသားစုသည် ကရင်ရိုးရာယဉ်ကျေးမှုပွဲ၊ အားကစားပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ပုံမှန်ကျင်းပလေ့ရှိသည်။ ၎င်းအပြင် သူ၏သားသမီးနှင့် မြေးတို့၏ မွေးနေ့ ပွဲအခမ်းအနားများတွင်လည်း သိန်းထောင်ချီကုန်ကျသည့် အားကစားပွဲတော်များကို ဦးစီးကျင်းပခဲ့ကြသည်။