Home သတင်း တောင်ယာကမ်းကျေးရွာမှ ဒေသခံတစ်ထောင်ကျော် အရေးပေါ်အကူအညီလိုအပ်

တောင်ယာကမ်းကျေးရွာမှ ဒေသခံတစ်ထောင်ကျော် အရေးပေါ်အကူအညီလိုအပ်

565
Photo: ပုလောစစ်ဘေးရှောင်(ပုံဟောင်း)

အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာတွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသော ဒေသခံရွာသား တစ်ထောင်ကျော်သည် လက်ရှိတွင် အရေးပေါ်ကူညီလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများ၏ ပြောဆိုချက်အရ သိရသည်။

တပ်အင်အား ၅၀ ဝန်းကျင်ဖြင့် တစ်မိုင်တောင်စခန်းမှ ဆုတ်ခွာလာပြီးနောက် တောင်ယာကမ်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့မှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်သဖြင့် နှစ်ပွဲတိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့ကြသည့် ယင်းကျေးရွာမှ ဒေသခံများသည် ယခုအချိန်ထိ နေရပ်မပြန်ရသေးကြောင်းဘဲ အကူအညီများ လိုအပ်လျက်ရှိသည်ဟု ပုလောမြို့နယ်မှ မြေပြင်စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“အခုလက်ရှိလိုအပ်နေတာကတော့ နေရာထိုင်ခင်းပေါ့။ တချို့တွေဆိုရင် တော၊ တောင်၊ လိုနေ ရာမျိုးတွေမှာ တလပတ်နဲ့ဖြစ်သလိုနေကြရတယ်။ ဒီဘက်တွေက အလှူရှင်သိပ်မရှိဘူး။ ကိုယ်ထူ ကိုယ်ထ သဘောမျိုးနဲ့ ရပ်တည်ကြတာများတယ်၊ ခါတိုင်း စစ်ကြောင်းထိုးရင် အများစုက ဘုန်းကြီး ကျောင်းမှာပဲ နေကြတာများတယ်။ အခုက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဆိုတော့ ဒီနေ့အချိန်ထိ နေရပ်လည်း ပြန်လို့မရဘူး။ တိုက်ပွဲထပ်ဖြစ်မှာကို ကြောက်ပြီးတော့။” ဟု ၎င်းက ပြောသည်။

၎င်းအပြင် စစ်အုပ်စုတပ်ဖွဲ့ဝင်များမှ တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားသည့်အချိန်တွင်လည်း ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခြင်း၊ ပြည်သူပိုင် အိမ်မွေးတိရစ္ဆာန်များကို ခိုးယူစားသောက်ခြင်းများကိုလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

စက်တင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ တပ်သား နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့တွင်လည်း ပုလောမြို့နယ် ထမင်းမစားကျေးရွာ တပ်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့သောကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။