Home သတင်း စစ်အုပ်စု ထိန်းချုပ်သည့် ကျုံဒိုးချောင်းဖျားဒေသ ကျေးရွာများတွင် သူခိုးများဝင်ရောက်၊ ပစ္စည်းများကို ကားဖြင့်သယ်ယူ

စစ်အုပ်စု ထိန်းချုပ်သည့် ကျုံဒိုးချောင်းဖျားဒေသ ကျေးရွာများတွင် သူခိုးများဝင်ရောက်၊ ပစ္စည်းများကို ကားဖြင့်သယ်ယူ

326
Photo : Social Media

အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်း စစ်အုပ်စုမှ ထိန်းချုပ်လိုက်သည့် ကျုံဒိုးချောင်းဖျားဒေသကျေးရွာအချို့တွင် သူခိုးများဝင်ရောက် လာပြီး ပစ္စည်းများကို ကားများဖြင့် သယ်ဆောင်မှုများ နေ့စဉ်လိုလို လုပ်ဆောင် လျက်ရှိသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ကျုံဒိုးချောင်းဖျား၊ ကျုံဘိုင်း၊ ကြာအင်းစု၊ ကော့ဝါးဘိုး၊ ကော့ဒေးဆိုင်၊ ကော့ဒိုင် စသည့် ကျေးရွာများတွင် ပြီးခဲ့ သည့် ဩဂုတ်လအတွင်း စစ်အုပ်စုနှင့် ဗိုလ်ဘိဦးစီးသည့် ကြာအင်းပေါ်တော်မူ DKBA အဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူများသည် နေအိမ်စွန့်ခွါပြီး ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထို့နောက် စစ်အုပ်စုက ထိုကျေးရွာများကို ထိန်းချုပ်လိုက်ပြီးနောက်တွင် အမည်မသိ သူခိုးများဝင်ရောက်လာကာ ရွာသားပိုင်ဆိုင်သော ပစ္စည်းများကို အတားအဆီးမရှိ ခိုးယူသယ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောကြသည်။

Photo : Social Media

“ရွာမှာတော့ ပြန်မနေရဲသေးဘူး။ ရွာဘက်မှာ ကားနဲ့ပစ္စည်းသယ်ပြီး ပြန်လာတာတွေ့ရတယ်။ ဒေသခံတွေ ရွာတောင် ပြန်မနေရဲဘူး။ သူခိုးတွေက ဝင်လာပြီး အေးဆေးပဲ ပစ္စည်းတွေ ခိုးယူပြီး ကားနဲ့ သယ်သွားတော့ အဲဒါ သူတို့လူတွေပဲ ဖြစ်မှာပေါ့။ အိမ်တွေလည်း ပျက်စီးတဲ့အပြင် အိမ်ထဲမှာ ပစ္စည်း တွေဘာမှ မကျန်မှာမဟုတ်တော့ဘူး။ ဒီမှာရှိတဲ့လူတွေက အချင်းချင်း ပစ္စည်းမခိုးယူဘူး။ စစ်တပ်တွေ လွှတ်လိုက်တဲ့သူခိုးတွေပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကျေးရွာများအတွင်း ပစ္စည်းများအား ခိုးယူသည့်သူခိုးအချို့သည် ကျုံဒိုးမြို့ဘက်သို့ ပြန်လည်ဝင်ရောက်သွားကြသသလို အချို့မှာ နဘူးလမ်းပိုင်းဘက်သို့ ပြန်ထွက်သွားကြသည်ဟု ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်အုပ်စုများသည် ယခုရက်ပိုင်းတွင် ထိုနယ်မြေအတွင်းရှိ ဝင်ရောက်စစ်ကြောင်းထိုးချိန် ကြာအင်းစုကျေးရွာ၌ တပ်စွဲထားစဉ် တိမ်းရှောင်ခြင်းမရှိဘဲ ရွာတွင်းကျန်ရှိသည့် ဒေသခံများမှ စစ်သားများအတွက် ထမင်းချက်ပေးခြင်းများ ပြုလုပ်ပေးရသည်ဟု ဒေသခံများက ဆိုသည်။