Home သတင်း တအာင်းဒေသတွင် အခါကြီး ရက်ကြီး လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် (၁) ဦး အပါအဝင် (၅) ဦး ဒဏ်ရာရ

တအာင်းဒေသတွင် အခါကြီး ရက်ကြီး လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် (၁) ဦး အပါအဝင် (၅) ဦး ဒဏ်ရာရ

443
Photo: TWO

အောက်တိုဘာ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

သျှမ်းပြည်နယ် မြောက်ပိုင်း တအာင်းဒေသ၊ နမ္မတူနှင့် သီပေါမြို့နယ် နှစ်ခု၌ ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၆ ရက်နေ့) တွင် စစ်အုပ်စု၏ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး အပါအဝင် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းပြည် အရပ်ဖက်နှင့် အာဏာပိုင်အဖွဲ့အစည်းများက ထုတ်ပြန်သည်။

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်သည့် တအာင်းဒေသ၊ သီပေါမြို့နယ် ဇာတ်စုရပ်ကွက်နှင့် နမ္မတူမြို့နယ် နမ္မတူမြို့မဈေး၊ ရပ်ကွက် (၂) ရှိ ပြည်သူလူထု နေထိုင်ရာနေရာများသို့ အာဏာသိမ်း စစ်အုပ်စုက နံနက် (၇) နာရီခွဲမှ (၈) နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ်တွင် ဒေသခံ (၂) ဦး နှင့် သီပေါတွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသား (၂) ဦး တို့ အသီးသီး ထိခိုက်ဒဏ်ရာရရှိသွားပြီး သေဆုံးသူမရှိဟု တအာင်းအမျိုး သမီးအဖွဲ့အစည်း TWO က ယနေ့ ထုတ်ပြန်ထားသည်။

၎င်းအပြင် ဗုံးဒဏ်ကြောင့် နမ္မတူမြို့မဈေးရပ်ကွက်ရှိ ဒေသခံများ ပိုင်ဆိုင်သော တိုက်ခန်းအိမ်ကြီး အိမ်ကောင်းများအပါအဝင် မော်တော်ယာဉ် အချို့လည်း ပျက်စီးသွားခဲ့ကြောင်း PSLF/TNLA ၏ သတင်းပြန်ကြားရေး သတင်းဓာတ်ပုံမှတ်တမ်းအရ သိရသည်။

Photo: TWO

နမ္မတူမြို့နယ်၌ အောက်တိုဘာလဆန်းအတွင်း ယခုတစ်ကြိမ် ဗုံးကြဲခံရမှုမှာ ဒုတိယအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ကလည်း မြို့ပေါ် ရပ်ကွက် (၈) အတွင်း စစ်အုပ်စု၏ လေယာဉ် တိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိခဲ့သေးသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ကိုးကွယ်မှုအရ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူပြီး ပြန်လည်ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်ကို ပူဇော် သည့်အနေဖြင့် ဆီမီးများ ထွန်းညှိပူဇော် ဆုတောင်း ကုသိုလ်ယူကြသည့် နေ့လည်းဖြစ်သလို ဥပုသ်သီလ စောင့်ထိန်းကြသည့် နေ့ထူးနေ့မြတ် အခါသမယလည်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယမန်နေ့ ထုတ်ပြန်သည့်စာရင်းများအရ ယနေ့လို အခါကြီး ရက်ကြီးများအပါအဝင် အာဏာသိမ်းထားသည့် ကာလတစ်လျှောက်လုံး စစ်အုပ်စုက တစ်နိုင်ငံလုံးအနှံ့ လေယာဉ်ဗုံးကြဲမှု ပေါင်း ၃,၇၄၄ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။