အောက်တိုဘာ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာ၌ နေအိမ် (၁၂) လုံးကို အာဏာသိမ်းစစ်အုပ်စုတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နဲ့ ပြောဆိုချက်များအရ သိရသည်။
ရေဖြူမြို့နယ်ရှိ ပုဂေါဇွန်းကျေးရွာ၊ ဝက်ချောင်းကျေးရွာ၊ ခမောင်းချောင်းကျေးရွာမှ တစ်ဆင့် ရွာလမ်း အတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အုပ်စုတပ်သည် ဧကနိကျေးရွာထဲသို့ ရောက်ရှိချိန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အောက်တိုဘာလ (၁) ရက်၊ နေ့လည်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
နှစ်ရက်တာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်အုပ်စုတပ်မှ ဧကနိကျေးရွာ၌ အရပ်သားပြည်သူနေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“စစ်ကြောင်းအင်အားက (၁၀၀) ဝန်းကျင်ရှိတယ်။ သူတို့က တစ်ရွာပြီးတစ်ရွာ စစ်ကြောင်း ထိုးတဲ့သဘောပေါ့။ ပြီးတော့ နေအိမ်တွေကိုလည်း စစ်ကြောင်းထိုးလာတဲ့ တောက်လျှောက်မှာ မီးရှို့တာတွေကို ဆက်တိုက်လုပ်တယ်။ အဲ့တော့ အဲ့အနီးနားက ရွာတော်တော်များများဆို ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတယ်။” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်ကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသော ဒေသခံအရပ်သားပြည်သူများသည် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်ကြသေးကြောင်း ရေဖြူမြို့နယ်မှ မြေပြင်စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးက ပြောသည်။
၎င်းက “အခုချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။ စစ်တပ်က ဘယ်အချိန်မှာ စစ်ကြောင်းထိုးမလည်း မသိနိုင်တဲ့အတွက်ကြောင့် အခု စစ်ကြောင်းက သတင်းကြားရသလောက်ဆိုရင် ရေဖြူမြို့နားက အမှတ် (၄၀၆) တပ်ရင်းမှာ ရှိတုန်းပဲလို့ သတင်းကြားထားပါတယ်။” ဟု ပြောသည်။
၎င်းအပြင် မီးရှို့ခံရသည့် နေအိမ်များထဲတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တိုင်း ဒေသကြီးလွှတ်တော်၊ ရေဖြူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ပြိုင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးနိုင်ဦး၏ နေအိမ်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုနှစ်ရက်တာတိုက်ပွဲတွင် စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၅) ဦးကျော် သေဆုံးပြီး ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်ဘက်က ပြောသည်။



















