Home သတင်း တစ်လအတွင်း ဗိုလ်ကြီးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၆၈ ဦး NUG ထံ ဘက်ပြောင်းခိုလှုံ

တစ်လအတွင်း ဗိုလ်ကြီးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၆၈ ဦး NUG ထံ ဘက်ပြောင်းခိုလှုံ

1302
Photo : တနင်္သာရီတိုင်းစစ်ဌာန

အောက်တိုဘာ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတဝှမ်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ တစ်လအတွင်း အာဏာသိမ်းစစ်အုပ်စုတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၆၈ ဦး ဘက်ပြောင်းခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှစတင်ပြီး ၃၀ ရက်နေ့အထိ နိုင်ငံတဝှမ်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များအနေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနှင့် ပြည်သူ့ ရင်ခွင်အဖွဲ့များကို နည်းမျိုးစုံဖြင့် ချိတ်ဆက်ကာ ဘက်ပြောင်းခိုလှုံလာကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုဘက်ပြောင်းခိုလှုံလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များထဲတွင် အတင်းအဓမ္မလူသစ်စုဆောင်းခံရသူ ၅၇ ဦး၊ ရဲတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား ၈ ဦးတို့ ပါဝင်သည်။ ၎င်းတို့အထဲတွင် လက်နက်ခဲယမ်းနှင့်တကွ ဘက်ပြောင်းခိုလှုံလာသူ ၁၈ ဦးအထိရှိပြီး အဆိုပါ လက်နက်များမှာ MA1 သေနတ် ၁၁ လက်၊ MA3 သေနတ် ၄ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင် ၂ လုံးနဲ့ ကျည်မျိုးစုံ ၅၉၀ တောင့်ကျော် ပါဝင်ကြောင်း (NUG) က ပြောသည်။

အာဏာသိမ်းစစ်အုပ်စုတပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်နှင့် အတင်းအဓမ္မလူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုသည့် တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ပြည်သူ့ရင်ခွင်အဖွဲ့နှင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ချိတ်ဆက်ကာ ဘက်ပြောင်းခိုလှုံကြရန်ကိုလည်း NUG က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၇ လအတွင်းကလည်း နိုင်ငံတဝှမ်းတွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ပြည်သူ့စစ်များအပါအဝင် စုစုပေါင်း ၄၀၉ ဦး ဘက်ပြောင်းခိုလှုံလာခဲ့သေးကြောင်း NUG က ထုတ်ပြန်ထားသည်။