Home သတင်း စစ်အုပ်စု လေယာဥ်ဗုံးကြဲမှုကြောင့် သရက်ချောင်းတွင် ၁၀ နှစ်အရွယ် မိန်းကလေး အပါအဝင် ဒေသခံလေးဦးထိခိုက်

စစ်အုပ်စု လေယာဥ်ဗုံးကြဲမှုကြောင့် သရက်ချောင်းတွင် ၁၀ နှစ်အရွယ် မိန်းကလေး အပါအဝင် ဒေသခံလေးဦးထိခိုက်

354
Photo: CJ

အောက်တိုဘာ ၆ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စု သဲချောင်း ကြီးကျေးရွာတွင် ယမန်နေ့ (အောက်တိုဘာ ၅ ရက်) က စစ်အုပ်စုလေယာဥ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အသက်(၁၀) နှစ် မိန်းကလေးတစ်ဦး၊ အမျိုးသမီးကြီး နှစ်ဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း (၄) ဦး ထိခိုက် ဒဏ်ရာများရရှိသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ထိုနေ့ညနေ (၅) နာရီဝန်းကျင်တွင် လေကြောင်းဗုံးကြဲမှုကြောင့် သဲချောင်းကြီးကျေးရွာနေ ကလေးငယ်၏ တင်ပါးနှင့်ပေါင်ရင်းနေရာများ၊ အသက်(၅၀) အရွယ် အမျိုးသမီး၏ ကျောဘက်နှင့် အမျိုးသားတွင် ဦးခေါင်းနေရာတို့ ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အတူ အသက်(၉၁) နှစ်အရွယ် အမျိုးသမီး ကြီးမှာလည်း ခြေထောက်တစ်ချောင်းလုံး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့သည်ဟု နယ်မြေတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အခုတော့ ရွာသားတွေက ပြောင်းသူကပြောင်း၊ ပြေးသူကပြေးနေပြီ။ တိုက်ပွဲဖြစ်တာမရှိဘဲ ကြဲတာ၊ ကျနော်တို့နယ်မြေကို အမဲရောင်နယ်မြေလို သတ်မှတ်ပြီး တိုက်ခိုက်နေတော့ ရွာသားတွေလည်း အခက် အခဲအများကြီးရှိတယ်” ဟု ကေအဲန်ယူ၏ မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်အတွင်း တည်ရှိသည်။ မြို့နယ်အတွင်း စက်တင်ဘာလကုန်ပိုင်းကတည်းက အင်အား အများအပြားဖြင့် စစ်အုပ်စု စစ်ကြောင်းထိုးနေပြီး ဒေသခံပိုင်နေအိမ် မီးရှို့ဖျက်ဆီးမှုကဲ့သို့ အမှုအခင်းများ ကျူးလွန်နေကြောင်း သရက်ချောင်းဒေသခံများက ပြောသည်။

သရက်ချောင်း ဒေသခံတစ်ဦး “လေယာဉ်လာကြဲတဲ့ရွာနဲ့ စစ်ကြောင်းထိုးနေတဲ့ရွာတွေက နည်းနည်း တော့လှမ်း တယ်။ နောက်ဆုံးတစ်ခေါက်က ကျောက်လှေကားရွာဘက်မှာ မီးရှို့ပြီး အဲဒီတောက်လျှောက် စကစက အင်အားစုလိုက် ဆက်ထိုးလိုက် လုပ်နေတာ အခုထိ အဲဒီစစ်ကြောင်း မထွက်သေးဘူးဗျ” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ၏ စက်တင်ဘာ(၃၀) ရက်နေ့ ထုတ်ပြန်ချက်အရ တောင်ပျောက်ကျေးရွာအုပ်စုတွင်လည်း စစ်ကောင်စီ စစ်ကြောင်း တိုးဝင်လာမှုရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ဖော်ပြသည်။

အာဏာသိမ်းထားသည့် ကာလအတွင်း တနင်္သာရီတိုင်းတွင် စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၂၄၀) ထက်မနည်း ကျူးလွန်ခဲ့ပြီးဖြစ်ကြောင်းလည်း FE5 Tanintharyi အဖွဲ့၏ မှတ်တမ်းအရ သိရသည်။