အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောင်သပြေဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်၊ နံနက် ၅ နာရီ ဝန်းကျင်အချိန်ခန့်တွင် ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ နာရီခန့်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၎င်းတို့ထဲမှ နှစ်ဦးသည် ပြင်းထန်သောဒဏ်ရာများရရှိခဲ့ကြောင်း လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ဆင်ရေးကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
၎င်းစစ်အုပ်စုတပ်ဖွဲ့ဝင်များသည် အရပ်သားပြည်သူများကို အဓမ္မပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခြင်းနှင့် ခရီးသွားပြည်သူများအား မတရားဖမ်းဆီးခြိမ်းခြောက်ကာ ငွေကြေးအဆမတန် တောင်းခံခြင်း စသည်တို့ကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်အသိပေးသည်။


















