အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းတပ် ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို စစ်တပ်က ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ပေါင် ၂၅၀ ဗုံး နှစ် လုံးကြဲချတိုက်ခိုက်မှုကြောင့် ဆယ်နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါသေဆုံးသူများတွင် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁) ဦး တို့ဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောဆိုထားသည်။
ထို့အပြင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒေသခံပြည်သူစုစုပေါင်း (၄) ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် (၂၅) လုံးနှင့် ဆိုင်ကယ် (၄) စီးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ ညအချိန်တွင်လည်း စစ်တပ်က ကျောက်မဲမြို့နယ် ၁၁ မိုင်ကျေးရွာကို အလားတူ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းကို ထိမှန်ခဲ့တာကြောင့် သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

TNLA ထုတ်ပြန်ချက်အရ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၇) ရက်နေ့အတွင်း တအာင်းတပ် ထိန်းချုပ်ထားသည့် မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ မိုင်းငှါ၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့တို့တွင် အရပ်သားပြည်သူနေထိုင်ရာ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း (၂၇) ကြိမ် ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။
ထို့ကြောင့် မြို့နယ်ကိုးမြို့နယ်တွင် ကလေးငယ် (၇) ဦး၊ အမျိုးသမီး (၁၄) ဦး၊ အမျိုးသား (၁၁) ဦး တို့ သေဆုံးခဲ့ပြီး အရပ်သား (၄၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် လူနေအိမ် (၁၁၃) လုံး၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ကျောင်းဆောင် (၆) ဆောင်နှင့် အဆောက်အအုံ (၄) ခု ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလို စစ်တပ်၏ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန် လိုအပ်သည်ဟု TNLA က ပြောသည်။ လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း TNLA က သတိပေးထားသည်။
လက်ရှိတွင် တအားတပ် ထိန်းချုပ်ထားသည့် နမ့်ဆန်နှင့် မန်တုံမြို့၌ ယနေ့ (အောက်တိုဘာ ၁၉ ရက်နေ့)က နေ့လည် ၁ နာရီအချိန်တွင် စစ်အုပ်စုလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေသည်ဟု TNLA က ထုတ်ပြန်ထားသည်။



















