Home သတင်း စစ်အုပ်စုတပ်က လေးကေကော်ဒေသရှိ ကျေးရွာများသို့ အသေခံဒရုန်းချမှုနှင့် လက်နက်ကြီးပစ်မှုများ ဆက်တိုက်လုပ်ဆောင်

စစ်အုပ်စုတပ်က လေးကေကော်ဒေသရှိ ကျေးရွာများသို့ အသေခံဒရုန်းချမှုနှင့် လက်နက်ကြီးပစ်မှုများ ဆက်တိုက်လုပ်ဆောင်

432
Photo: CJ

အောက်တိုဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်းနယ်မြေ လေးကေကော်မြို့ဒေသရှိ ကျေးရွာများဘက်သို့ အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းဗုံးချမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့ရော၊ ညပါ ဆက်တိုက် လုပ်ဆောင်နေသည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်မှ လေးကေကော်ဒေသကို စစ်တပ် စစ်ကြောင်းများ ဖြန့်ကျက် ထိုးစစ်ဆင်ရာတွင် အကျအဆုံးများသည့်အတွက် စက်တင်ဘာ ၂၅ ရက်နောက်ပိုင်းမှစ၍ စစ်ရေး အရှိန်မြှင့်ကာ အရပ်သားနေထိုင်ရာ ကျေးရွာများဘက်အထိ အသေခံဒရုန်းများဖြင့် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း စစ်ရေးအခြေအနေသိရှိသူဖလူးကျေးရွာ စစ်ရှောင်အရေးလှုပ်ရှားဆောင်ရွက်သူတစ်ဦးက ပြောသည်။

“၂၅ ရက်နောက်ပိုင်းကနေ စစ်တပ်အသေခံဒရုန်းတွေနဲ့ ဖလူး၊ မင်းလက်ပံ၊ မယ်ထော် သလေးစာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေဘက်ကို ချနေတာ၊ လေးကေကော်ဘက်ဆိုလည်း ရပ်ကွက် ၆ ဘက်၊ ရေကန်ကုန်းဘက်၊ ရပ်တော်မူ ဘုရားကုန်းဘက်တွေကို မစ်ဇိုင်းတွေ ၂၇၅ ဘက်ကပစ်တာတွေ ကျနေတာ တစ်အုန်းအုန်းပဲ” ဟု ၎င်းက ပြောသည်။

ထိုသို့ စစ်အုပ်စုတပ်က လေးကေကော်ဒေသကို နေရာစုံက တိုက်စစ်ဆင်တိုက်ခိုက်နေသော်လည်း မြေပြင်စစ်ကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်သားသစ်နှင့် အရာရှိသစ်များ ကျဆုံးမှုများပြားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ စစ်မြေပြင်သတင်းအရင်းအမြစ်ဘက်က ပြောသည်။

Photo: CJ

၎င်းအပြင် ယခုရက်ပိုင်းအတွင်း မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၇၅) စစ်တပ်ဘက်မှ နည်း ပညာမြင့် UAV ကင်းထောက်ဒရုန်းများကို အသုံးပြုကာ KNLA မဟာမိတ်တပ်များ၏ မြေပြင်ဆိုင်ရာ လှုပ်ရှားမှုများကို စောင့်ကြည့်ပြီး လက်နက်ကြီးပစ်ခတ်မှုများ၊ မစ်ဇိုင်းဒုံးပစ်ခတ်မှုများနှင့် အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။ ထိုသို့သော တိုက်ခိုက်မှုများကြောင့် KNLA မဟာမိတ်တပ်ဖွဲ့ဘက်မှ တပ်သားများ ထိခိုက်ကျဆုံးမှုများရှိသည်ဟု သိရသည်။

“စစ်တပ် လေးကေကော်စ တိုက်တဲ့ရက်တွေတုန်းက (ပစ) စစ်သားသစ်တွေ၊ တပ်အရာရှိတွေ ထိတာကျ တာများတယ်။ အဲ့တာတွေကို တက်ဆွဲတဲ့ နောက်ထပ်စစ်ကြောင်းလည်း ထပ်ထိတာပဲ။ အဲ့လိုဖြစ် နေတော့ မြေပြင်ထပ်တက်ဖို့ တန့်နေတယ်။ အဲ့အချိန်မှာ ကျောက်ဂူဘက်ကနေ စစ်ကြောင်း ဆင်းလို့ရအောင် UAV အကြီးစားတွေကင်းထောက်ပြီး လက်နက်ကြီး၊ မစ်ဇိုင်း၊ ကာမီကာဇေတွေ ပစ်ချ တာမျိုးနဲ့ ပြောင်းတိုက်လာတော့ ကိုယ့်ဘက်က ထိတာနဲနဲပါးပါးရှိတယ်” ဟု ပြောသည်။

လက်ရှိ အောက်တိုဘာလ ၁ ရက် နံနက် ၇ နာရီ အချိန်မှစပြီး လေးကေ ကော်မြို့သစ်နေရာအနီးပတ်ဝန်းကျင်နေရာများတွင် စစ်အုပ်စု စစ်ကြောင်းနှင့် KNLA မဟာမိတ်တပ်ဖွဲ့များအကြား ၃ နေရာခန့် တိုက်ပွဲဖြစ်ပွားနေသည်။ ထိုအခြေအနေကြောင့် သောင်ရင်းမြစ်ဘေးနေရာများသို့ စစ်ဘေးရှောင်နေရသည့် ဒေသခံများ လေကြောင်းရန်နှင့် ဒရုန်းဗုံးချခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရှိရသည်။