Home သတင်း ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဩဂုတ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့

ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဩဂုတ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့

564
Photo: KnHRG

စက်တင်ဘာ ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်းသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် ဩဂုတ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၅ ကြိမ် ကျူးလွန်ခဲ့သည်ဟု ကရင်နီလူ့အခွင့် အရေးအဖွဲ့ (KnHRG) ယနေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်တပ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေး အဖွဲ့ (KnHRG)က ပြောဆိုသည်။

“အခုလက်ရှိမှာ စစ်ကြောင်းထိုးနေတာတွေ ရှိနေတုန်းဘဲ။ စစ်ဘေးရှောင်က နေရာအနှံ့မှာ ရှိနေတယ်။ ပြီးတော့ သူတို့ အတွက် မိုးတွင်းကာလ ဖြစ်တာကတစ်ကြောင်း၊ စစ်ဘေးရှောင်တွေက တစ်လထက်တစ်လ များလာ တာက တစ်ကြောင်း အဲ့လိုတွေကြောင့် စားနပ်ရိက္ခာနဲ့ နေဖို့အမိုးအကာတွေက ဆက်တိုက်လိုအပ်ချက်တွေ ရှိနေ တုန်းပါဘဲ” ဟု ကရင်နီတွင် မြေပြင်စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း (၉)ကြိမ်၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း (၁၃)ကြိမ် နှင့် သေနတ်ဖြင့်ပစ်ခတ်ခြင်းများကြောင့် ကရင်နီ ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူ ၃၅ ဦး သေဆုံးခဲ့ရပြီး၊ (၄၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စစ်ဘေးတိမ်းရှောင်နေရသူများလည်း တိုးလာသည်ဟု သိရသည်။

အဆိုပါ အာဏာသိမ်းစစ်ကောင်စီက ကရင်နီ (ကယား) ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် စစ်ကြောင်းထိုးခြင်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇူလိုင်နှင့် ဩဂုတ်လ အတွင်း နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စုစုပေါင်း ၂၀၀,၀၀၀ ဦး အထိရှိနေပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်ဘေးရှောင် နှစ်သိန်းကျော်အတွက် နိုင်ငံတကာ အကူအညီများလည်း လိုအပ်နေသည့်အပြင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများအပါအဝင် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီ များလည်း လိုအပ်နေသည်ဟု ကူညီပေးရန် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က တောင်းဆို ထားသည်။