စက်တင်ဘာ ၈ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီးထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့ နယ်အတွင်းရှိ ကျေးရွာများသို့ အာဏာသိမ်း စစ်တပ်၏ တပ်ရင်းစခန်းကုန်းများမှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက် ညနေ (၆) နာရီအချိန်ခန့်တွင် စစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ−၃၅၁) နှင့် ခြေလျင်တပ်ရင်း (ခလရ-၆၀) တပ်ရင်းစခန်းများသည် ဟောင်ဝစ်ဇာ (၁၂၀ မမ) တို့ဖြင့် ဖိုးသောင်းစု ကျေးရွာ အတွင်းသို့ လက်နက်ကြီး (၂) ကြိမ်ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖိုးသောင်းစု ရွာနေ အသက် (၅၅)နှစ်အရွယ် စောရွှေလူနှင့် အသက် (၅၀) နှစ်အရွယ် စောပွေးပွေး တို့သည် ဗုံးစထိမှန် သေဆုံးခဲ့ပြီး အသက် (၅၈) နှစ်အရွယ် အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
“ ပြီးခဲ့တဲ့ လတုန်းကလည်း ဒေသခံ တစ်ဦး သေဆုံးတယ်။ ၇ ဦးက ထိခိုက်ဒဏ်ရာရတယ်။ ရန်သူဘက်မှ လေကြောင်းတိုက်ခိုက်တာအပြင် ဒရုန်းဗုံးကြဲတာ လက်နက်ကြီးပစ်တာတို့ လှုပ်ရှားမှုတွေ များလာတယ်” ဟု ခရိုင်တာဝန်ရှိသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်စခန်းများမှ ကျေးရွာအတွင်းသို့ ဟောင်ဝစ်ဇာလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အရပ် သား ပြည်သူထိခိုက်သေဆုံးမှုအပြင် ဒေသခံပြည်သူများ မွေးမြူထားသည့် နွား (၂) ကောင် ထိခိုက်သေဆုံး ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများကို အဓိက ပစ်မှတ်ထားကာ ကျေးရွာများသို့ အဆက်မပြတ် ပစ်ခတ်နေခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးသည့်အပြင် ဒေသခံပြည်သူများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသည်ဟု ကေအဲန်ယူက ဆိုသည်။
အလားတူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သည့် သြဂုတ်လအတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဗုံးကြဲချမှု အကြိမ်ရေ ၁၂၀ ပြုလုပ်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးကာ နေအိမ် (၁၁) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ခရိုင်၏ လချုပ်စာရင်းအရ သိရသည်။



















