စက်တင်ဘာ ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်၊ ရသေ့ဂူရွာသို့ အာဏာသိမ်း စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ယနေ့ နံနက် ၈ နာရီခွဲကျော်ချိန်တွင် ကြဲချတိုက်ခိုက်ခဲ့ပြီး မြို့သစ်အနီး မယ်ထော်သလေးရွာနှင့် မဲကနယ်ရွာတို့၌ မြေပြင်စစ်ကြောင်း ရောက်ရှိလာသည်ဟု ကေအိုင်စီ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်အုပ်စုက ရသေ့ဂူရွာသို့ ဂျက်တိုက်လေယာဉ်ဖြင့် နံနက် ၈ နာရီခွဲ အချိန်တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံရွာသားများ ကြိုတင်စစ်ရှောင်နေပြီး ဖြစ်သလို ဗုံးကျရာအနီးသို့ သွားကြည့်ရန် မလွယ် သည့်အတွက် ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးကြောင်း မြေပြင်သတင်းရင်းမြစ်က ယခုလို ပြောသည်။
“မနက် ၈ ခွဲကျော်ကျော်ပေါ့ ဂျက်လာပတ်နေတယ်။ ပြီးတော့ ရသေ့ဂူဘက်ကြဲချတယ်၊ နှစ်လုံးကျ ပေါက်တယ်။ ရွာသားကတော့ စစ်ရှောင်ခိုင်းထားတာ ၂ ရက် ရှိပြီး။ အထိအခိုက်တော့ သွားမရ သေးတော့မသိရ သေးဘူး။ မြေပြင် စစ်ကြောင်းတွေက လေးကေကော်ဘက် ထိုးဝင်ဖို့ မဲကနယ်ရွာနဲ့ မေတ္တာလင်း မြိုင်၊ မယ်ထော်သလေးရွာ ဘက်လာနေတယ်၊ ဟောင်ဝှစ်ဇာ စစ်ကားတွေ ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အခုလို လေကြောင်းတိုက်ခိုက်မှုကြောင့် မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖလူး၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ရသေ့ဂူ၊ မင်းလက်ပံ ကျေးရွာသားများ ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းဘက်သို့ တိမ်းရှောင်နေကြ သည်ဟု ကျေးရွာတာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းချက်အရ သိရသည်။
“ဗုံးလာပြန်ကြဲ ပြီးလေ။ စစ်တပ်က ဝေါလေလမ်းပိုင်းကို သူတို့ ပြန်ဝင်မယ်လို့ စစ်တပ်ထာက်ခံတဲ့ အုပ်စုတွေ ပြောနေတာဆိုတော့ နေဖို့မလွယ်တော့ဘူး။ ကမ်းနားပိုင်း ဆင်းနေရပြီး တတ်နိုင်တဲ့ သူကတော့ ထိုင်းဘက်ကမ်း ကူးကြတာပေါ့” ဟု ဖလူးကျေးရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ယခု လတ်တလောတွင် အကြမ်းဖက်စစ်တပ်က မြဝတီ မြို့တောင်ဘက်ရှိ ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် လေးကေ့ကော်ဒေသ၊ ဝေါလေလမ်းပိုင်းနှင့် သေ့ဘောဘိုးဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေး မြေပြင်စစ်ကြာင်း ထိုးလာ နေသလို၊ လေကြောင်းမှ ကင်းထောက် လေယာဉ် ပျံသန်းမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။



















