Home Facts Checking News KNU တပ်မဟာ(၇)မှာ လေယာဥ်ဗုံးကြဲခံရမှုကြောင့် စစ်ဦးစီးချုပ်အပါအဝင် သေဆုံးသူ (၇၀)ဦးထက်မနည်းရှိကြောင်း စစ်အုပ်စုသတင်းအမှားဖြန့်

KNU တပ်မဟာ(၇)မှာ လေယာဥ်ဗုံးကြဲခံရမှုကြောင့် စစ်ဦးစီးချုပ်အပါအဝင် သေဆုံးသူ (၇၀)ဦးထက်မနည်းရှိကြောင်း စစ်အုပ်စုသတင်းအမှားဖြန့်

919

KNU တပ်မဟာ(၇)မှာ လေယာဥ်ဗုံးကြဲခံရမှုကြောင့် စစ်ဦးစီးချုပ်အပါအဝင် သေဆုံးသူ (၇၀)ဦးထက်မနည်းရှိကြောင်း စစ်အုပ်စုသတင်းအမှားဖြန့်

ဩဂုတ် (၁၇) ရက်၊ ၂၀၂၅ ခုနှစ်။

KIC, The Red Flag, MFCN

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေမှာ ဩဂုတ်လ(၁၁)ရက်နေ့က လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုတွင် KNLA စစ်ဦးစီးချုပ်အပါအဝင် သေဆုံးသူအယောက် (၇၀)ထက် မနည်းရှိကြောင်း စစ်ကောင်စီကိုထောက်ခံအားပေးနေသည့် လူမှုကွန်ရက်ချန်နယ်များမှ သတင်းဖြန့်ဝေနေကြသည်။

Subscribe ပြုလုပ်သူ ၁ သောင်းကျော်မှ ၃ သောင်းကျော်အထိရှိသည့် News of Myanmar NOM တယ်လီဂရမ်ချန်နယ်နှင့် DGF21News တယ်လီဂရမ်တို့က “တပ်မတော်၏ဗုံးကြဲမှုအတွင်း KNU စစ်ဦးစီးချုပ် စောဂျော်နီသေဆုံး” ခေါင်းစဥ်ဖြင့် ဩဂုတ်လ (၁၆) ရက်နေ့တွင် စတင်ဖြန့်ဝေလာခြင်းဖြစ်ပြီး ပို့စ်နှစ်ခုကို စုစုပေါင်း ကြည့်ရှုသူ ၇ထောင်ကျော်ရှိနေသည်။

News of Myanmar NOM- https://archive.ph/Hrm8w

DGF21News- https://archive.ph/V7VHw

ထိုင်းနိုင်ငံဆေးရုံအသိုင်းအဝိုင်း၏သတင်းအရ စောဂျော်နီအပါအဝင် တပ်မဟာ(၇)မှ ပွဲချင်းပြီးသေဆုံးသူ ၇၀ ဦးနှင့် ဒဏ်ရာရသူများမှ နောက်ထပ်သေဆုံးသူ ၃၀ ဦး ရှိသည်ဟု NOM သတင်းက ဖော်ပြပြီးနောက် ဩဂုတ်လ(၁၇)ရက်နေ့က စောဂျော်နီမှာ ဒဏ်ရာသာရ၍ စောဂျော်နီသမက် သေဆုံးသွားကြောင်း ပြောင်းလဲရေးသားထားခြင်းဖြစ်သည်။

လူဦးရေ ၂ သောင်းကျော် Subscribe လုပ်ထားသည့် Ye Yint Htet တယ်လီဂရမ်ချန်နယ်ကလည်း တပ်မဟာ(၇)မှာ စစ်ကောင်စီလေယာဥ်ဗုံးကြဲမှုကြောင့် စောဂျော်နီသမက်သေဆုံးသည်ဟု ယနေ့တွင် သတင်းဖြန့်ဝေထားပြီး CDM ဆရာဝန်နှင့်ဝန်ထမ်းများ၊ လူနာများ စုစုပေါင်း (၇၀)ဦးဝန်းကျင်လည်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

Ye Yint Htet- https://archive.ph/taBwg

အဆိုပါသတင်းကို အချက်အလက်များ စိစစ်အတည်ပြုနေသည့် Myanmar Fact-checking Network အဖွဲ့ဝင် ကရင်သတင်းဌာန-KIC က စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်သည်။

သက်သေပြချက်

#KNUတပ်မဟာ(၇)မှာ စစ်တပ်လေယာဥ်ဖြင့် ဗုံးကြဲ

ပြီးခဲ့သည့် ဩဂုတ်လ(၁၀)ရက်နေ့ ည ၇နာရီမှ ၈ နာရီဝန်းကျင်ကြားတွင် စစ်ကောင်စီက Y-12 လေယာဥ်တစ်စီးဖြင့် ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်တည်ရှိသည့် ကလို့ယော်လေးနယ်မြေတစ်ဝိုက်ကို ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေကြသည့် သတင်းမီဒီယာအသီးသီးက ဖော်ပြသည်။

DVB သတင်းဌာနတွင် “KNLA တပ်မဟာ ၇ စစ်ဌာနချုပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ ရွာသားများ ထိုင်းဘက် တိမ်းရှောင်”ခေါင်းစဥ်ဖြင့် ဗုံးကြဲချသွားသည့်အကြိမ်ရေအပါအဝင် အမျိုးသားတစ်ဦး ဒဏ်ရာရ၍ ဒေသခံများ ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်ရသည့် အခြေအနေကို ဩဂုတ်လ(၁၁)ရက်နေ့က သတင်းတင်ဆက်ထားကြောင်း တွေ့ရသည်။

DVB – https://shorturl.at/Q7FRf

ဗုံးကြဲလေယာဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမှာ KNLA တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးဖြစ်သည်ဟု Myanmar Now သတင်းဌာနက ဩဂုတ်လ(၁၁)ရက်နေ့တွင် ဖော်ပြသည်။

Myanmar Now – https://shorturl.at/kzclq

KIC သတင်းဌာနကလည်း ဖြစ်ပွားစဥ်က မြေပြင်တွင်ရှိနေသည့် KIC သတင်းသမားများနှင့် ဒေသခံသတင်းအရင်းအမြစ်မှတဆင့် ကြားသိချက်အရ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရသူ လူငယ်တစ်ဦးသာရှိကြောင်း သတင်းရေးသားခဲ့သည်။

KIC – https://shorturl.at/a66JM

#လေယာဥ်ဗုံးကြဲမှုမှာ သေဆုံးသူမရှိ

ဖော်ပြပါ သတင်းများအရ ကေအဲန်ယူ တပ်မဟာ(၇) ဌာနချုပ်နယ်မြေအနီးဝန်းကျင်မှာ ဩဂုတ်လ (၁၀)ရက်နေ့က စစ်တပ်မှလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ အမျိုးသား တစ်ဦးသာရှိပြီး သေဆုံးသူ မရှိပေ။

ထို့အပြင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ထိခိုက်ဒဏ်ရာရသွားခြင်း (သို့မဟုတ်) သေဆုံးခြင်းအပြင် ဒေသတွင်းနေထိုင်သူ (၇၀) ဦးထက်မနည်း သေဆုံးသွားကြောင်းကိုလည်း သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေသည့် သတင်းမီဒီယာများက မဖော်ပြကြပါ။

သတင်းမှားဖြန့်ဝေမှုနှင့်ပတ်သက်ပြီး ရန်ကုန် ခေတ်သစ်မီဒီယာမှ KNU ပြောခွင့်ရ ပဒိုစောတောနီးကိုမေးမြန်း၍ ယနေ့ရက်စွဲဖြင့်သတင်းဖော်ပြချက်အရ သတင်းအမှားဖြစ်သည်ဟု ရေးသားတင်ဆက်ထားသည်။

Khit Thit- https://shorturl.at/rQVQr

ထို့ကြောင့် စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် သတင်းမီဒီယာများမှ “တပ်မတော်၏ဗုံးကြဲမှုအတွင်း KNU စစ်ဦးစီးချုပ် စောဂျော်နီသေဆုံး” ဟူသည့် ရေးသားဖြန့်ဝေမှုမှာ သတင်းအမှားဖြစ်ကြောင်း သုံးသပ်ရသည်။

စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork