Home သတင်း ကရင်နီတပ်မတော်နေ့တွင် မော်ချီးဒေသကို စစ်တပ်က ဗုံးကြဲ ၂၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ

ကရင်နီတပ်မတော်နေ့တွင် မော်ချီးဒေသကို စစ်တပ်က ဗုံးကြဲ ၂၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ

1053
Photo- IEC

ဩဂုတ် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဩဂုတ် (၁၇) ရက်နေ့တွင် ကျရောက်သည့် ကရင်နီပြည် တပ်မတော်နေ့တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဖားဆောင်းမြို့၊ မော်ချီးဒေသကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂၂ ဦး သေဆုံးပြီး ၁၇ ဦး ထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ-IEC ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ မနက် ၈ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ နေ့လည် ၁၂ နာရီ ဝန်းကျင်တွင် တစ်ကြိမ် လေကြောင်းဖြင့် မော်ချီးဒေသရှိ တိုက်နယ်ဆေးရုံနှင့် လူနေအိမ်နေရာများကို ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပထမ အကြိမ်ကြဲချရာတွင် ဒေသတွင်းနေထိုင်သူ (၂)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ်၌ ၂၂ ဦး သေဆုံးပြီး ၁၇ ဦး ထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု IEC ၏ အတွင်းရေးမှူး ဗညားခွန်အောင်က ပြောသည်။

Photo- IEC

“အထူးသဖြင့် တိုက်နယ်ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာတွေကိုကြဲတာ လူနှစ်ယောက် ဒဏ်ရာအနည်းငယ်ရတယ်။ နောက်နေ့ခင်း ၁၂ ခွဲမှာ နောက်တစ်ကြိမ် ပြန်လာကြဲတာ၊ ၂၂ ယောက် သေတယ်။ ၁၇ယောက်ထက်တော့ မနည်း ဘူး ဒဏ်ရာရထားတယ်လို့ ကနဦးသိရတယ်” ဟု ၎င်းက ယမန်ည ပိုင်းတွင် ကေအိုင်စီသို့ ပြောသည်။

လေယာဥ် ဗုံးစကြောင့် လူနေအိမ် (၁၀) လုံးကျော် ပျက်စီးသွားပြီး ဒဏ်ရာရရှိသူများကိုလည်း ဆေးကုသမှု ပေးလျက် ရှိကြောင်း ကရင်နီဒေသ သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။ IEC ၏ မှတ်တမ်းအရ ထိခိုက်ဒဏ်ရာရသူများတွင် အမျိုးသမီးနှင့် ကလေးသူငယ်တချို့လည်း ပါဝင်နေသည်။

Photo- IEC

ကရင်နီပြည်နယ်အကြောင်း ရေးသားဖော်ပြနေသည့် ကန္တာရဝတီတိုင်း(မ်) သတင်းဌာနတွင်လည်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူနေထိုင်မှုမရှိသော တိုက်နယ်ဆေးရုံအဟောင်း ပျက်စီးသွားပြီး ဒုတိယအကြိမ်ကြဲချရာ တွင် လူအပါအဝင်နေအိမ်ထိခိုက်မှု ပိုများကြောင်း ဩဂုတ် ၁၇ ရက်နေ့ သတင်း၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ကရင်နီပြည်နယ်၌ စစ်အုပ်စုက လေကြောင်းဖြင့် (၇) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက် ခိုက်မှု လုပ်ဆောင်ခဲ့ရာ ၂၅ ဦး သေဆုံး၍ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။