Home သတင်း နိုင်ငံရေး ဦးဆောင်မှုကဏ္ဍ အားကောင်းအောင် ပြုပြင်ရန် NUCC နှင့် NUG ကို သပိတ်အင်အားစု တိုက်တွန်း

နိုင်ငံရေး ဦးဆောင်မှုကဏ္ဍ အားကောင်းအောင် ပြုပြင်ရန် NUCC နှင့် NUG ကို သပိတ်အင်အားစု တိုက်တွန်း

869
Photo-GSCB

ဩဂုတ် ၂၅ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နိုင်ငံရေး ခေါင်းဆောင်မှုအားကောင်းသည့် ကောင်စီ နှင့် အစိုးရတရပ်အဖြစ် အမြန်ဆုံး ပြောင်းလဲ ပြင်ဆင်ရန် အမျိုးသား ညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ကို အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCB က တိုက်တွန်းပြောဆို လိုက်သည်။

ယမန်နေ့ ဩဂုတ် ၂၄ ရက်ထုတ်ပြန်ထားသည့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကိုဆန့်ကျင်၍ တော်လှန်ရေးအင်အားစုများ ဆက်လက်လုပ်ဆောင်ရမည့် နိုင်ငံရေးသဘောထား ထုတ်ပြန်ချက် ၌ NUCC နှင့် NUG ပြင်ဆင်ပြောင်းလဲရန် အပါအဝင် အချက်(၄)ချက်ကို GSCB က တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

NUCC နှင့် NUG အနေဖြင့် နိုင်ငံရေးခေါင်းဆောင်မှုအားကောင်းဖို့ ပြောင်းလဲပြင်ဆင်ရုံသာမက တော်လှန်ရေး အင်အား စုများ စိုးမိုးမှုအားကောင်းသည့်ဒေသများ၌ ဖက်ဒရယ်ယူနစ်များ အားကောင်းရေး Bottom-up Federalism စနစ် ချဥ်းကပ်မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး ရည်မှန်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ထောက်ပြထားသည်။

NUCC ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ GSCB ကဲ့သို့ သပိတ်အင်အားစုများ၊ CDM ကိုယ်စားပြုအဖွဲ့နှင့် အရပ်ဖက်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH နှင့် NUCC မှ ပေါ်ပေါက်လာသည့် NUG ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Photo-GSCB

အာဏာသိမ်းကာလ ၄ နှစ်ကျော်လာချိန်၌ လူထုတက်ကြွလှုပ်ရှားမှု၌ လူသိများသည့် မန္တလေးသပိတ်အင်အားစု ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက NUG အပေါ် အပြုသဘောဆောင်ထောက်ပြချက်များအပေါ် အခြေပြု၍ ခိုင်မာအားကောင်းသည့် အစိုးရတစ်ရပ်ဖြစ်ရေး NUG အနေဖြင့် ပြုပြင်ပြောင်းလဲရမည်ဟု တော်လှန်ရေး အင်အားစုများက ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က “NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ပညာရှင်တွေ အကြံပြုတာတွေစုဆောင်းပြီး သုံးသပ်နေတယ်၊ လုပ်ဆောင်နေပါတယ်။ ဒီနှစ်မကုန်ခင် လပိုင်းအတွင်းမှာတော့ ပြုပြင်ပြောင်းလဲမှုတစ်ခုကို ပြည်သူသိအောင် ကြေညာနိုင်မှာပါ” ဟု ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့က DVB သတင်း ဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

မြေပြင်တပ်များကိုဦးဆောင်ကွပ်ကွဲနိုင်မှုကိစ္စ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကိစ္စနှင့် နိုင်ငံရေးအင်အားစုများကို ပေါင်းစပ် ညှိနှိုင်းရေးကိစ္စ စသည်တို့တွင် အဓိကအားဖြင့် NUG နှင့် NUCC ၏ လုပ်ဆောင်ချက်များကို အားရကျေနပ်မှု မရှိ ကြောင်း တော်လှန်ရေး အင်အားစုများက ဝေဖန် ပြောဆိုလျက်ရှိသည်။

ထို့အတူ အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးသဘောတူညီချက်နှင့် အစီမံများအား တော်လှန်ရေးအင်အားစု များအနေဖြင့် သဘောတူလက်ခံနိုင်ရန် ဆောင်ရွက်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အင်အားစုများ၊ ပြည်နယ်ဖက်ဒရယ်ယူနစ်များ ပါဝင်သည့် နိုင်ငံရေးတပ်ပေါင်းစုဖွဲ့ရေးကိုလည်း GSCB ၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

တိုင်းရင်းသားလူမျိုး၊ အလွှာအသီးသီးပါဝင်သည့် သပိတ်အင်အားစုများ၊ CDM အင်အားစုများဖြင့် အာဏာရှင်စနစ် ပျက်သုဥ်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ပယ်ဖျက်ရေး၊ ဖမ်းဆီးခံ တက်ကြွလှုပ်ရှားသူများ လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် GSCB ကို ဖွဲ့စည်းခဲ့ သည်ဟု သိရသည်။