ဩဂုတ် ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် ကဂျိကိ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ဒေသတချို့၌ လာမည့် ဩဂုတ် ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် မိုးများနိုင်ပြီး ဒေသအများစု၌ မိုးအသင့်အတင့် ရွာမည်ဟု မိုးလေဝသဌာနများနှင့် မိုးလေဝသ ပညာရှင်များ က ပြောဆိုသည်။
အဆိုပါ မုန်တိုင်းအရှိန်ကြောင့် မြန်မာပြည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ၂ ရက်ခန့်မိုးများနိုင်ပြီး ကျန်ဒေသများတွင်မူ မိုးအသင့်အတင့် ပုံမှန်ရွာသွန်းသည့် အခြေအနေသာ ရှိမည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဩဂုတ် ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
“မုန်တိုင်းအကြွင်းအကျန်တွေက YAGI လောက်မများပါ။ မုန်တိုင်းကလဲ YAGI လောက် မပြင်းထန်ပါ။ ရှမ်းပြည် နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေဘက်မှာပဲ မိုးများနိုင်ပါတယ်။ ကျန်တဲ့ ဒေသတွေအားလုံး မိုးအသင့်အတင့် ပုံမှန်ရွာသလောက်ပဲရှိနိုင်ပါတယ်” ဟု ၎င်းက အင်တာနက် လူမှုကွန် ယက်စာမျက်နှာ၌ သုံးသပ်ပြောဆိုထားသည်။
မုန်းတိုင် ကဂျိကိ ဖြတ်သန်းမည့်လမ်းကြောင်းတလျှောက်နှင့် နီးစပ်သည့် မြန်မာပြည်တောင်ပိုင်းဒေသတွင်လည်း မိုးများနိုင်သည်ဟု ကနဦး အစက မိုးလေးဝသဌနများက ခန့်မှန်းထားသော်လည်း လက်ရှိအခြေအနေအရ ၂၀၂၄ ခုနှစ် ရာဂီ မုန်းတိုင်းအရှိန်လောက် သက်ရောက်မှု မပြင်းထန်နိုင်ဟု ပညာရှင်တို့က ခန့်မှန်းထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း တစ်နိုင်ငံလုံး မုန်တိုင်းအရှိန်ဖြင့် မိုးရေကြီးနိုင်မှု သတိပေးချက်များကို ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ထုတ်ပြန်ထားပြီး ရေဘေးသင့်နိုင်မည့်ဒေသများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကာကွယ် လျှော့ချရေးဌာနမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ဝီဖာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် မိုးရေချိန်များပြားခဲ့ပြီး တချို့မိုးကြီးသည့်နေရာများ၌ လမ်း၊ တံတားများ ရေတိုက်စားပြီး ပျက်ဆီးခြင်း၊ မြေပြိုကျခြင်းတို့ဖြစ်ပေါ်၍ လူသေဆုံးမှုရှိခဲ့သည်။



















