Home ရွေးကောက်ပွဲသတင်း ဖားအံတွင် မြို့ပေါ် နှင့် ကျေးရွာအုပ်စု ၈၈ စု၌ မဲပေးစက်ပညာပေးပွဲ ဆက်တိုက်ပြုလုပ် မလာမနေရ ခေါ်ယူမှု များရှိ

ဖားအံတွင် မြို့ပေါ် နှင့် ကျေးရွာအုပ်စု ၈၈ စု၌ မဲပေးစက်ပညာပေးပွဲ ဆက်တိုက်ပြုလုပ် မလာမနေရ ခေါ်ယူမှု များရှိ

681
Photo: KSG

သြဂုတ် ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ရပ်ကွက် (၉) ခုနှင့် ကျေးရွာအုပ်စု (၈၈) ခုတို့တွင် အဖွဲ့ (၈) ဖွဲ့ခွဲ၍ ဩဂုတ်လ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြည်နယ်စစ်အုပ်စုထံမှ သိရသည်။

ဖားအံမြို့ပေါ်ရပ်ကွက်အချို့တွင် စစ်ကောင်စီက ဦးဆောင်ဖွင့်လှစ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်အကြောင်း အသိပညာပေးရန် ဆွေးနွေးပွဲဟုဆိုကာ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဖားအံမြို့ခံများက ပြောသည်။

လက်ရှိတွင် ဖားအံမြို့ပေါ်ရှိ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖိတ်ကြားလွှာများ ပေးပို့ကာ ၁၈ နှစ်ပြည့်ပြီးသူများ ပါရှိကြောင်း၊ တစ်အိမ်ထောင်လျှင် လူ (၂) ဦးနှုန်းဖြင့် တက်ရောက်ရန် ဖော်ပြပါရှိကြောင်း မြို့ခံများထံမှ သိရသည်။

“ ဟုတ်တယ်။ ဒီနေ့ ပဲ စက်နဲ့ မဲပေးနည်းကို မနက် ၊နေ့လည်၊ ညနေ အဖွဲ့ သုံးဖွဲ့ခွဲထားပြီး ဖားအံ အထက( ၂ ) ‌ကျောင်းဝင်းထဲမှာ လာလုပ်ပေးတယ်။ ခန်းမမှာ လူအပြည့်ပဲလို့ ကြားတယ်” ဟု မြိုခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်း အစည်းအဝေး ဖိတ်ကြားလွှာများကို မြို့ပေါ် ရပ်ကွက် အမှတ် (၁) နှင့် အမှတ် (၄) အပြင် မြို့အနီးဝန်းကျင်ရှိ ‌ကျေးရွာများတွင်လည်း ပေးပို့ခြင်းခံရပြီး ကျေးရွာတချို့တွင် တက်ရောက်ရန် ပျက်ကွက်ပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းလည်း ရှိကြောင်း ရွာခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“တချို့ရွာတွေဘက်ဆို မသွားရင် ဒဏ်ရိုက်မယ် ပြောလို့ သွားကြရတာပေါ့ ။ ရွာမှာလည်း ဒဏ်ရိုက်မယ်ဆိုတာ ပြောသေးတယ်။ လာအောင် ခြောက်တဲ့ သဘောပေါ့” ဟု ၎င်းက ပြောသည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်အုပ်စု က ရွေးကောက်ပွဲ အပိုင်းတစ် အဖြစ် မြို့နယ်ပေါင်း ၁၀၂ မြို့ တွင် ကျင်းပသွားမည်ဖြစ်ပြီး ထိုထဲတွင် ဖားအံမြို့နယ်လည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။