ဇူလိုင်၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မြိတ်-မောတောင် အာရှလမ်းမကြီးဘေးရှိ သိန်ခွန်းကျေးရွာ တိုက်ပွဲအတွင်းမှ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သားသစ် ၉ ဦး လက်နက်များနှင့်အတူ ကေအဲန်ယူ၊ တပ်မဟာ-၄၊ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း ၁၁ ထံသို့ ဘက်ပြောင်း ခိုလှုံလာသည်ဟု ခွပ်ဒေါင်းတမန် အထူး စစ်ကြောင်းက ဇူလိုင် ၂၁ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ယခုလိုဘက်ပြောင်းခိုလှုံလာသည့် စစ်မှုထမ်းတပ်သားသစ် ၉ ဦးကို ကေအဲန်ယူ-တပ်မဟာ- ၄၊ တပ်ရင်း ၁၁ တပ်ခွဲမှူး က ၁ ဦးလျှင် ကျပ်သိန်း ၃၀ ကို အသီးသီးချီးမြှင့် ဂုဏ်ပြုခဲ့ပြီး ဘက်ပြောင်းခိုလှုံလာသူများအား နွေးထွေးစွာ ကြိုဆိုလျက်ရှိသည်ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အခု တစ်ပတ်အတွင်းမှာ ဆိုရင် ဘက်ပြောင်းခိုလှုံလာသူက စုစုပေါင်း ၉ ယောက်အထိတော့ ရှိနေပါတယ်။ နောက် တစ်ခုက မောတောင်လမ်းပိုင်း စစ်ရေးအခြေအနေက ၆ လကျော်လာပြီး နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွား နေပါတယ်” ဟု ၎င်းက ဇူလိုင် ၂၂ ရက် ယနေ့တွင် ပြောသည်။

ယခုလို ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီ တပ်သားသစ် ၉ ဦးသည် အတင်းအဓမ္မ တပ်သား စုဆောင်းခံရသူ များဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်ခံရသူများဖြစ်ကြသည်။ ၎င်းတို့နှင့်အတူ MA1 သေနတ် ၄ လက်၊ MA-11 သေနတ် ၁ လက်နှင့် ကျည်ဘောက် ၁၅ ခု အပါအဝင် ကျည်များဖြင့် KNU တပ်မဟာ-၄၊ တပ်ရင်း ၁၁ ထံသို့ ဘက်ပြောင်းခိုလှုံ လာခြင်း ဖြစ်သည်။
ထိုသို့ ဘက်ပြောင်းခိုလှုံလာသူများကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီ လက်အောက်တွင် တာ၀န်ထမ်းနေသည့် စစ်မှုထမ်းများ မည်သူမဆို ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဆက်သွယ်ခိုလူံကြရန် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း က တိုက်တွန်းထုတ်ပြန် ထားသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း KNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဘက်ပြောင်းခိုလှုံလာသူ စစ်ဘက်၊ ရဲဘက်၊ ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ် စုစုပေါင်း ၁၆၃ ဦး အထိရှိခဲ့ပြီး ၎င်းအနက် တနင်္သာရီတိုင်းတွင် စစ်သား၂၀ ဦးထိရှိသည်ဟု စာရင်းပြုစုနေသည့် ပြည်သူ့ ပန်းတိုင်အဖွဲ့က ဇူလိုင် ၉ ရက်နေ့တွင် ထုတ်ပြန်ထား သည်။



















