ဇူလိုင် ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု တိုးလုပ်လာပြီး ယခု ရက်ပိုင်း အတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါ ပုလောမြို့နယ်၊ ရှပ်ပုံရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့တွင် ညနေပိုင်းတွင် ဒရုန်းဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိရာဘက်သို့ တိုက်ခိုက်ခဲ့ရာ မြိတ်ခရိုင်၊ တပ်ရင်း (၁) တပ်ဖွဲ့ဝင်တစ်ဦး ထိမှန်သေဆုံးသွားသည်ဟု တပ်ရင်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထို့အပြင် ဇူလိုင် ၁၃ ရက်နေ့ ပုလော၊ အထဲစုရပ်ကွက်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး နောက်ကျော ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သည်ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ပြောရေး ဆိုခွင့်ရှိသူက ယခုလို ပြောသည်။
“ဒီဘက်တွေမှာက လေကြောင်းထက် ဒရုန်းကိုပိုပြီးအသုံးပြုလာတာရှိတယ်။ နေအိမ် ထိခိုက်ပျက်စီးမှု တွေလည်း ရှိတယ်။ လောလောဆယ်တော့ ထိခိုက်ဒဏ်ရာရရှိသူကို ပုလောဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ပုလောမြို့နယ်၊ ရှပ်ပုံရွာအနီးတွင် တပ်စွဲကာ အင်အားဖြည့်တင်းထားပြီး တော်လှန်ရေးတပ်များနှင့် စစ်ရေးတင်းမာနေသည်ဟု မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းတာဝန်ရှိသူက ဆက်ပြောသည်။
တနင်္သာတိုင်းအတွင်း စစ်ကောင်စီက ပြီးခဲ့သည့် မေလအတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု ၆ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့သည်ဟု သုတေသနအဖွဲ့တစ်ခု ဖြစ်သည့် FE5 Thanintharyi ၏ ထုတ်ပြန်ထားချက်အရ သိရသည်။


















