Home သတင်း ခလယ်လွီထူ ခရိုင်တွင် နှစ်ဝက်အတွင်း တိုက်ပွဲ အကြိမ် ၃၀၀ ဖြစ်ပွားခဲ့

ခလယ်လွီထူ ခရိုင်တွင် နှစ်ဝက်အတွင်း တိုက်ပွဲ အကြိမ် ၃၀၀ ဖြစ်ပွားခဲ့

511
Photo: KNU

ဇူလိုင် ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၃)၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်တွင် ၂၀၂၅ ခုနှစ်၊ နှစ်ဝက်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၃၀၀ ဖြစ်ပွားခဲ့သည်ဟု အဆိုပါခရိုင် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

နှစ်ဝက်တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၄၂ ဦးသေဆုံးကာ၊ ၁၈၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ၇ ဦး လက်နက်ချ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရသည်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးကို ကေအဲန်ယူဘက်က အရှင်ဖမ်းစီးရရှိခဲ့သည့်အပြင် စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၂၀၉ ခု သိမ်းဆည်းရရှိခဲ့ သည်ဟု ခရိုင်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ခလယ်လွီထူခရိုင် တိုက်ပွဲများအတွင်း ကေအဲန်ယူနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ၄၄ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့် ပေးဆပ်ခဲ့သလို တပ်ဖွဲ့ဝင် ၁၂၇ ဦးတို့ ပြင်းထန်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်ဝက် ဇွန်လကုန်ထိ ၆ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြောင့် တပ်မဟာ(၃)နယ်မြေဒေသအတွင်းရှိ အရပ်သား ပြည်သူ အမျိုးသမီး ၂၉ ဦး၊ အမျိုးသား ၂၀ ဦးတို့မှာ သေဆုံးခဲ့ရပြီး အမျိုးသား ၉၃ ဦး နှင့်အမျိုးသမီး ၈၈ ဦးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ခရိုင်သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Photo: KNU

ယခုလို အရပ်သားပြည်သူ သေဆုံးခဲ့ရမှုများထဲတွင် ပြီးခဲ့သည့် မေ ၂၅ ရက်နေ့တွင် ခလယ်လွီထူခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ကျွန်းကြီးကျေးရွာ၌ မင်္ဂလာဆောင်ပွဲ ပြုလုပ်နေချိန် မနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် သတို့သမီး၊ ကလေးများအပါအဝင် သေဆုံးသူ ၁၀ ဦးရှိကာ ထိခိုက်ဒဏ်ရာရှိသူ ၂၀ ဦးထက်မနည်း ရှိသည့်ဖြစ်စဉ်သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခြင်းများကြောင့် စာသင်ကျောင်း ၈ ခု၊ ခရစ်ယာန်ဘုရားကျောင်း ၃ လုံး၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၁၈ ကျောင်း တို့မှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့သေးသည်။

အလားတူ ပြည်သူပိုင်နေအိမ် ၁၆၈ လုံးအပြင် ဈေးဆိုင် ၂ ဆိုင်၊ ဆိုင်ကယ် ၉ စီး၊ လယ်ထွန်စက် ၃ စီး၊ ဖောကား တစ်စီး နှင့် ဆန်စက် ၁ လုံး တို့လည်းပျက်စီးခဲ့ရပြီး ဒေသခံတို့ မွေးမြူထားသည့် နွား ၂၉ ကောင်၊ ကျွဲ တစ်ကောင်၊ ဆိတ် တစ်ကောင်၊ ဝက် သုံးကောင်၊ မြင်းတစ်ကောင်၊ ကြက်သုံးကောင် သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်၌ အသေးစိတ် ဖော်ပြထားသည်။