Home သတင်း KWO ဥက္ကဌဟောင်း ပဒိုနော်ဖောဒေးတိုး ကွယ်လွန်

KWO ဥက္ကဌဟောင်း ပဒိုနော်ဖောဒေးတိုး ကွယ်လွန်

726
Photo: KWO

ဇူလိုင် ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသမီး အစည်းအရုံး-KWO လက်ရှိ အကြံပေးပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်နေသူ၊ ဥက္ကဌဟောင်း ပဒိုနော်ဖောဒေးတိုးသည် ယနေ့နံနက် ၂ နာရီ ၄၇ မိနစ် အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်ဟု မိသားစုဝင်များ နှင့် ကရင့်တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

ပဒိုနော်ဖောဒေးတိုးသည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဇာတိဖြစ်ပြီး သူမကို ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၈) နှစ် ရှိပြီး ဖြစ် သည်။ ထို့အပြင် သူမသည် လူငယ်ဘဝကတည်းက ကွယ်လွန်ချိန်အထိ ကရင့်တော်လှန်ရေးတွင် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

သူမသည် ကေအဲန်ယူ-တပ်မဟာ (၇)တွင် ဆေးတပ်၌ တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် လူငယ်ဘဝကတည်းက တော်လှန် ရေးတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ဆေးတပ်တွင် ရှေ့တန်းထွက်ပြီး ထိခိုက်ဒဏ်ရာရသည့် တော်လှန်ရေး ရဲဘော်များကို ဆေးကုသပေးခဲ့သူ တစ်ဦးဖြစ်သည်။

ထို့အပြင် သူမသည် ယခင်ကေအဲန်ယူ၊ ပြည်ထဲရေးနှင့် သာသနာရေး ဌာန၊ တာဝန်ခံ ပဒိုအားတိုးနှင့် အိမ်ထောင် ကျပြီးနောက် ကလေး ၂ ဦးမေးဖွားပြီး ဆေးတပ်ဖွဲ့မှအနားယူကာ မိသားစုတာဝန်နှင့် တော်လှန်ရေးအတွက် ကျရာကဏ္ဍတွင် ဆက်လက်ပါဝင်လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်ဟု KWO ထံမှသိရသည်။

သူမသည် ကရင်အမျိုးသမီးအစည်းအရုံး(KWO) ပြန်လည် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည် ၁၉၈၅ ခုနှစ်ကတည်းက ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကာ ရပ်ရွာ ဥက္ကဌ၊ မြို့နယ် ဥက္ကဌနှင့် ဖားအံခရိုင် ဒုဥက္ကဌ အဖြစ် အောက်ခြေမှစ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် KWO ဗဟို၌ ဘဏ္ဍာရေးမှူးအဖြစ် ၂၀၀၀ ပြည့်နှစ်တွင် ရွေးချယ်တာဝန်ပေးခြင်းခံရပြီး ၂၀၀၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ဒုဥက္ကဌအဖြစ် ၂၀၀၄ မှ ၂၀၁၇ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သလို ဥက္ကဌ အဖြစ် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိလည်းကောင်း၊ ၂၀၂၃ ခုနှစ်မှာ ၂၀၂၅ ခုနှစ် ကွယ်လွန်ချိန် ဇူလိုင် ၁၅ ရက်နေ့ထိ အကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမ KWO ဒုဥက္ကဌ အဖြစ်ရွေးချယ်ခံရပြီးနောက် KNU ဗဟိုအမြဲတမ်းကော်မတီဝင် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။

ပဒိုနော်ဖောဒေးတိုး၏ ဈပနအခမ်းအနားကို သူမနေထိုင်ခဲ့ရာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ စီမံအုပ်ချုပ် နယ်မြေ၊ ဖားအံခရိုင်အတွင်းရှိ နို့ဘိုးကျေးရွာ၌ ခရစ်ယာန်ဘာသာဝင်တို့၏ ဓလေ့ထုံးတမ်းများနှင့် အညီ ပြုလုပ်သွားမည်ဟု မိသားစုဝင်များထံမှ ကနဦး သိရသည်။