ဇူလိုင်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားအတွက် တစ်ရက် အနိမ့်ဆုံးလုပ်အားခ ဘတ် (၄၀၀)ကို ဘန်ကောက်မြို့အပါအဝင် ခရိုင် (၅)ခုတွင် ဇူလိုင် ၁ ရက်နေ့တွင် စတင်တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ အလုပ်သမားလုပ်အားခကော်မတီ၏ ပြောဆိုမှုကို ကိုးကားပြီး ထိုင်းမီဒီယာများတွင် ဖော်ပြကြသည်။
အနိမ့်ဆုံးလုပ်အားခ ဘတ်(၄၀၀)သို့ တိုးမြှင့်နိုင်ရေး ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်နေ့တွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တို့ပါဝင်ကာ တင်သွင်းထားသော အဆိုပြုချက်ကို ဇူလိုင် ၁ရက်နေ့တွင် ပြုလုပ်သည့် ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေး၌ အတည်ပြုပြီး တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တစ်ရက်လုပ်ခလစာနှုန်းထား ဘတ် ၄၀၀ ကို ထိုင်းနိုင်ငံ၏ ခရီးသွားမြို့ ကြီးများဖြစ်သည့် ချာချွန်ဆောင်း၊ ချွန်ဘူရီ၊ ဖူးခက်၊ ရနောင်နှင့် ဆူရတ်ဌာနီ အစရှိသည့် မြို့များတွင် ရရှိမှာဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှစ၍ သတ်မှတ်လုပ်အားခ တိုးမြှင့်မှုမှာ အကျုံးဝင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြောဆိုထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါ လုပ်ခနှုန်းထားတိုးမြှင့်ပေးမည့် လုပ်ငန်းများတွင် ခရီးသွားလာရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများအပြင် တရားဝင်မှတ်ပုံတင်ထားသည့် အခန်း ၅၀ နှင့် အထက် ရှိသည့် 2 stars အဆင့် နှင့် ၎င်းအဆင့် အထက်ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကာရာအိုကေ၊ ဘား အစရှိသည့် ဖျော်ဖြေရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ကြသူများ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ယခုလို ဘတ် ၄၀၀ အထိတိုးမြှင့်ပေးသော်လည်း လက်ရှိအလုပ်သမားများ ရင်ဆိုင်နေရသည့် ကုန်းစျေးနှုန်းကြီးမြှင့်လာမှုနှင့် နှိုင်းယှဥ်လျှင် အလုပ်သမားများ၏ အထွေထွေ ကုန်ကျစရိတ်အရ ထူးခြားသည့် အပြောင်းအလဲ မဟုတ်ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ဆိုသည်။
ဘန်ကောက်မြို့ ဟိုတယ်လုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက “ လစာတိုးတာက ကိုယ့်အတွက်ပြောင်းလဲလာမှု ရှိမရှိမှာထက် ကုန်စျေးနှုန်းတွေ ပိုပြီးတက်လာမှာတော့ စိုးရိမ်မိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
၎င်းလုပ်ငန်းခွင်များမှ အလုပ်သမားသည် တစ်နေ့အခြေခံလုပ်အားခ ၃၇၂ ဘတ်ကို ရရှိနေပြီး ယခုလို လုပ်ခနှုန်းထား တိုးမြှင့်မှုကြောင့် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်သမား (၇၀၀,၀၀၀) ခန့် အကျိုခံစားခွင့်ရကြမည်ဟု ထိုင်းအလုပ်သမားရေး တာဝန်ရှိသူများက ခန့်မှန်းထားသည်။
ကျန်ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တစ်နေ့လုပ်ခလစာနှုန်းထားကို ပြီးခဲ့သည့် နှစ်မှ သတ်မှတ်ပေးထားသည့် လစာနှုန်းထားအတိုင်းသာ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး လုပ်ခ ဘတ် ၃၃၇ ဘတ်မှ ၃၇၂ ဘတ်စသဖြင့် မတူကွဲပြားရရှိကြကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် ထိုင်းအလုပ်သမားရေးရာဝန်ကြီး၏ ရာထူးမှ ရုတ်တရက် နုတ်ထွက်မှုကြောင့် အဆိုပါ လုပ်အားခ တိုးမြှင့်မည့် အစီအစဥ်သည် မရေရာ မသေချာဖြစ်ခဲ့ပြီး ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။


















