ဇူလိုင် ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ညောင်တုန်းမြို့နယ်၊ ဘားလင်းဇီးဖြူကုန်းကျေးရွာ၊ ရတနာသီရိ (ဘက) မူလွန်ကျောင်းတွင် ယမန်နေ့က ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲပြုလုပ်ပြီး ကရင်ကျောင်းသားကလေးငယ်များ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျောင်းသား ကလေးငယ်များကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး ဟောပြောပေးခဲ့ပြီး ဘားလင်းဇီးဖြူ ကုန်းကျေးရွာ လမ်းမတစ်လျှောက်တွင် ကျွန်း၊ ပျဉ်းကတိုး နှင့် မန်ဂျန်ရှားစသည့် သစ်ပင်ပေါင်း (၂၀၀) ကျော်စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
“လူတိုင်းလူတိုင်း သစ်ပင်စိုက်ပျိုးခြင်း ဓလေ့ထွန်းကားလာစေဖို့ သစ်ပင်တွေပေါများလာစေဖို့ သစ်တစ် တစ်ပင်ခုတ်ပြီးတိုင်း တစ်ပင်မက ပြန်စိုက်ပျိုးတတ်စေဖို့ ဖောက်ပြန်ပြောင်းလဲလာတဲ့ ရာသီဥတုတို့ကို ကာကွယ်နိုင်ဖို့ရန် နဲ့ သစ်ပင်ကနေ အကျိုးကျေးဇူးတွေ ပိုမိုရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ဦးဆောင်စီစဉ်သူ ကရင်လူငယ်တစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် နှစ်များကလည်း ညောင်တုန်းမြို့နယ် အပါအဝင် အိမ်မဲမြို့နယ်နှင့် ပန်းတနော်မြို့နယ်များတွင် နယ်မြေခံ ကရင်လူငယ်အဖွဲ့အစည်းများ စုပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြင့်တင်ရေး ရည်ရွယ်ချက် အနေဖြင့် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးခြင်းကို ပြုလုပ်ခဲ့ကြသေးသည်။




















