Home သတင်း အလုပ်သမားဝန်ကြီး နုတ်ထွက်မှုကြောင့် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်ရေး မသေချာဖြစ်နေ

အလုပ်သမားဝန်ကြီး နုတ်ထွက်မှုကြောင့် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်ရေး မသေချာဖြစ်နေ

673
Photo: Saw Mort

ဇွန်လ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစပြီး အနိမ့်ဆုံး တစ်ရက် လုပ်ခဘတ် ၄၀၀ သို့ တိုးမြှင့်မည်ဆိုသော အစီ အစဥ်သည် ထိုင်းအလုပ်သမားရေးရာဝန်ကြီး၏ ရာထူးမှ ရုတ်တရက် နုတ်ထွက်မှုကြောင့် မရေရာ မသေချာဖြစ်နေကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြကြသည်။

လုပ်အားခ တိုးမြင့်ရေးကော်မတီက ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်မြို့များတွင် အလုပ် လုပ်ကိုင် နေကြသည့် အလုပ်သမားများအတွက် တစ်ရက်အခြေခံလုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြှင့် သတ်မှတ်ပေးရန် ဇွန်လ ၁၇ ရက်နေ့တွင် အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ဇွန်လ ၁၉ ရက်နေ့တွင် အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဘွန်မ်ဂျိုင်းထိုင်းပါတီ (Bhumjaithai Party)၏ နုတ်ထွက်ထားသော နေရာများတွင် အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn လည်း ပါဝင်နေသဖြင့် ၎င်းအဆိုပြုထားသော လုပ်အားခ တိုးမြှင့်မည့် အချိန်သည် မရေမရာ ဖြစ်နေခြင်းဖြစ်သည်။

ယခုလို အလုပ်သမားဝန်ကြီး နုတ်ထွက်မှုသည် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရပါဝင်သော သုံးပွင့် ဆိုင်လုပ်အားခကော်မတီဘက်က လုပ်အားခတိုးမြှင့်ရေး အတည်ဖြစ်လာရန် အစိုးရအဖွဲ့၏ နောက်ဆုံး အဆုံးအဖြတ် တင်ပြမှုအတွက် အဆိုပြုချက် ဦးဆောင်တင်သွင်းမည့်သူ မရှိဘဲဖြစ်နေကြောင်း သုံးပွင့်ဆိုင်လုပ်အားခတိုးမြှင့်ရေးကော်မတီဘက်က ဆိုသည်။

ပုံမှန်လုပ်ထုံးလုပ်နည်းအရ အလုပ်သမားဝန်ကြီးမှ ယခု ဆုံးဖြတ်ချက်ကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် အစိုးရအဖွဲ့ထံ ဦးဆောင်တင်ပြရမှာ ဖြစ်သောကြောင့် လာမည့်အစိုးရအစည်းအဝေးတွင် အတည် ပြုနိုင်ရေး အလုပ်သမားဝန်ကြီးဌာန၏ ယာယီဝန်ကြီး သို့မဟုတ် ဒုဝန်ကြီးက တင်သွင်းရန်လို အပ်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ဝင်က ပြောဆိုသည်။

ပြီးခဲ့သည့် အစည်းအဝေးအရ တရားဝင်မှတ်ပုံတင်ထားသည့် ဟိုတယ် နှင့် ဖျော်ဖြေရေး လုပ်ငန်း ခွင်များတွင် အလုပ်လုပ်ကိုင် ကြသူများကို လုပ်ခ လစာနှုန်းထား တိုးမြှင့်ပေးမည်ဖြစ်ပြီး ဘန်ကောက် အပါအဝင် အခြားပြည်နယ်များတွင်လည်း လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး လုပ်အားခတိုးမြှင့်မှုမှာ အကျုံးဝင်မည်ဟု ဘန်ကောက်ပို့စ်နှင့် The Nation သတင်းစာများတွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် ဘန်ကောက်အပါအဝင် နီးစပ်ရာခရိုင်များတွင် တစ်နေ့အခြေခံလုပ်အားခ ၃၇၂ ဘတ်ကို ရရှိနေပြီး မတည်ငြိမ်သည့် နိုင်ငံရေး အခြေအနေကြောင့် လာမည့် ဇူလိုင်လတွင် လုပ်အားခ တိုးမြှင့်ရေး အတည်ပြုမှုကို စောင့်ကြည့်ရမည်ဟု ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။