ဇွန်လ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖုမ်မြို့ နယ်တွင် မလေးရှားနှင့် ဘန်ကောက်သို့ တရားဝင် အထောက်အထားမရှိဘဲသွားမည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြသည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် တရားမဝင် လူခိုးသွင်းသည့် မှောင်ခိုလုပ်ငန်း လုပ်ဆောင် နေမှုအပေါ် သတင်းအချက်အလက် များရရှိပြီးနောက် သယ်ဆောင်လာသည့် ယာဉ်ကို စစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ယခုလို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။
ဖမ်းဆီးခံရသူများသည် ကလေး ၁ ဦး အပါအဝင် အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အား တင်ဆောင်လာ သည့်ကားကို ထိုင်းနိုင်ငံသားဖြစ်သူ အမျိုးသား တစ်ဦးကိုလည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
အဆိုပါ အမျိုးသား ၃၂ ဦးနှင့် ကလေး ၁ ဦးသည် ထိုင်းနိုင်ငံမှမလေးရှားနိုင်ငံသို့ ဆက်လက်သွား မည်ဖြစ်ပြီး တစ်ဦးလျှင် ပွဲစားခအနေဖြင့် ဘတ် ၅၅,၀၀၀ ခန့် ပေးခဲ့ကြောင်း၊ ဘန်ကောက်သို့သွားမည့် အမျိုးသမီး ၈ ဦးသည် တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ ခန့် ပေးခဲ့ရကြောင်း ဆိုသည်။

ထိုအဖမ်းခံရသည့် မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မော်လမြိုင်၊ ဖားကန့်တို့မှ အလုပ်လုပ်ရန် စံခလပူရီခရိုင်ရှိ တောလမ်းမှဝင်ရောက်ကာ ထိုင်းနယ်စပ်ကို ဖြတ်၍ လှေတစ်ဆင့် စီးခဲ့ပြီး ကားနှင့် ထွက်ခွါလာရာမှ အခုလိုဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
လတ်တလောတွင် ဖမ်းဆီးခံရသူများကို တရားမဝင် ဝင်ရောက်မှုဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ထောင်ဖာဖွန်ရဲစခန်းသို့ ပို့ဆောင်ကာ တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင်လည်း ထောင်ဖာဖုမ်မြို့ နယ်ရှိ သစ်တောအတွင်း ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားမည့် မြန်မာနိုင်ငံသား ၂၀ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကို ကိုးကား၍ ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။



















