Home သတင်း သုံးဆူတွင် ကယ်ရီဆွဲသူကို ခရီးသည်က ဆိုင်ကယ်လုယူ သတ်ရန်ကြိုးပမ်းမှု ဖြစ်ပွား

သုံးဆူတွင် ကယ်ရီဆွဲသူကို ခရီးသည်က ဆိုင်ကယ်လုယူ သတ်ရန်ကြိုးပမ်းမှု ဖြစ်ပွား

727
Photo: ဒေသခံ တစ်ဦး

ဇွန် ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပယာခရိုင် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့တွင် ဆိုင်ကယ် ကယ်ရီသမားကို ခရီးသည်က ငှားစီးစဉ် ဆိုင်ကယ်လုယူပြီး သတ်ရန် ကြိုးပမ်းမှု ဇွန်၂၄ ရက် နေ့တွင် ဖြစ်ပွား ခဲ့သည်ဟု မြို့လုံခြုံရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဘုရားသုံးဆူမြို့ပေါ် အထက်တန်းကျောင်းအနီးရှိ ကယ်ရီဂိတ်၌ ကယ်ရီဆွဲနေသူ မောင်ကျော်ဇင်ဖြိုး(ခ)ဗေလုဝ အသက် (၁၉) နှစ်သည် ခရီးသည်အမျိုးသားတစ်ဦးက ဆိုင်ကယ်သည့် အတွက် လိုက်ပို့ခဲ့သည်။

ထိုသို့ ပို့ဆောင်နေစဉ် ခရီးသည်က ဥဒေါင်းကန်နှင့် ကရင်စုထော်မဲပါ ရပ်ကွက်ကြား ရော်ဘာခြံ အရောက်၌ နောက်မှ ဓါးဖြင့် လည်ပင်းကိုလှီးရန် ကြိုပမ်းသည့်အတွက် ၎င်းကဒဏ်ရာဖြင့် ထွက်ပြေး ခဲ့ရာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ဆိုင်ကယ်လုယူခံရခြင်း ဖြစ်သည်။

ယခုလို အသက်မသေသော်လည်း ဒဏ်ရာပြင်းထန်းသည့်အတွက် မော်လမြိုင်မြို့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေသည်ဟု မြို့လုံခြုံရေး အဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“ဆိုင်ကယ်ငှားသူက အနောက်ဘက်မှာစီး‌ လည်ပင်းကိုကိုင်ပြီး ဓားနဲ့လှီးတော့ ဟိုက ထွက်ပြေးမှီသွား တယ်။ သွေးတွေနဲ့ ပြေးပြီးအကူညီတောင်း လိုက်တာ။ ဘုရားသုံးဆူ ဆေးရုံကနေ တစ်ဆင့်နောက်တော့ မော်လမြိုင် ဆေးရုံကို ပို့လိုက်တာ။ အခုသူ စကားပြောနိုင်တဲ့အတွက် သူပြောပြလို့ သံသယ တရားခံကို သိသွားပြီး” ဟု ၎င်းက ပြောသည်။

သံသယတရားခံကို ဖမ်းဆီးထားနိုင်သော်လည်း ထိုဒေသရှိ လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် ပတ်သက် ဆက်နွယ်နေသည့်အတွက် လက်ရှိအချိန်တွင် ထုတ်ဖော်ပြောဆို၍ မသင့်သေးကြောင်း မြို့လုံခြုံရေး အဖွဲ့ဝင်က ဆက်ပြောသည်။

သုံးဆူတွင် ယခုနောက်ပိုင်း မူးယစ်ဆေးသုံးသူ များလာပြီး ခိုး၊ ဆိုး၊ လုယက် စသည့် ဒုစရိုက်မှုများ အဖြစ် များလာကာ တာဝန်ရှိသူတို့ မြို့လုံခြုံရေး မပေးနိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု ခံစားရကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ယခုလို ဖွင့်ဟပြောသည်။

“အမှုတွေ တော်တော်လေး ဖြစ်လာတယ်။ မလုံခြုံတော့ဘူး။ ဒါကို လူထုက CCTV တပ်ထားဖို့ အကြံပေး ကြတယ်။ ဒါပေမယ့် မီးတွေလည်း ဖြတ်ထားတော့ CCTV တပ်ဖို့က အခက်တွေ့နေတယ်။ အမှုအခင်း များလာတော့ အဓိက လက်ရှိ အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးအပိုင်းအားနည်းချက် အများကြီးပေါ်လွင်သွား စေတယ်။ ပြည်သူလူထု ယုံကြည်အားကိုးမှု ပိုပြီးအားနည်းလာတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနှင့် ခြံစည်းရိုးတစ်ခုသာ ခြားသည့် သုံးဆူတွင် ပြစ်မှုကျူးလွန်သူများက တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလေ့ရှိသလို နီးစပ်ရာလက်နက်ကိုင်အဖွဲ့များထံသို့ သွားရောက်ချဉ်းကပ် နေထိုင်မှုများလည်းရှိနေ၍ မှုခင်းဖော်ထုတ်ဖမ်းဆီးရန် အခက်တွေ့နေသည်ဟု မြို့လုံခြုံရေးအဖွဲ့ဝင်က ပြောသည်။

သုံးဆူတွင် စစ်ကောင်စီကို တိုက်ထုတ်ပြီးနောက် မြို့ အုပ်ချုပ်ရေးအပိုင်းကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက တာဝန်ယူထားပြီး မြို့လုံခြုံရေးအပိုင်းကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA က တာဝန်ယူထားသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် တော်လှန်ရေးအဖွဲ့များလည်း သွားလာလှုပ်ရှားမှုရှိကာ လက်နက်ကိုင် အဖွဲ့များသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ သုံးဆူတွင် စစ်ကောင်စီ အုပ်ချုပ်ရေး လက်လွှတ် လိုက်ရသော်လည်း စစ်ကောင်စီတပ်စခန်းကုန်း၌ တပ်ဖွဲ့ဝင်များ ရှိနေသေးပြီး အရပ်ဝတ်ဖြင့် ဝင်ထွက်သွားလာမှုရှိသည်ဟု ဒေသခံများ ထံမှ သိရသည်။