Home သတင်း ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးပြဿနာဖြေရှင်းကြရန် စစ်ခေါင်းဆောင် ဖိတ်ခေါ်

ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးပြဿနာဖြေရှင်းကြရန် စစ်ခေါင်းဆောင် ဖိတ်ခေါ်

377
Photo: VOM

ဇွန်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နေပြည်တော်တွင် ယနေ့ကျင်းပပြုလုပ်လျက်ရှိသည့် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ သို့ တက်ရောက်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့်အခြားအဖွဲ့များ လက်နက်ကိုင်လမ်းစဥ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနှင့် ရွေးကောက်ပွဲလမ်း ကြောင်းမှတဆင့် နိုင်ငံရေးပြဿနာဖြေရှင်းကြရန် ဖိတ်ခေါ်ပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ စစ်ကောင်စီ အသိမှတ်ပြုထားသော နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တရုတ်အထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံခြားသံတမန်အဖွဲ့ပါသည့် “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့်ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာသော နိုင်ငံတော်ဆီသို့” အမည်ရှိ ငြိမ်းချမ်းရေးဖိုရမ်အား ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီက ကျင်းပပြုလုပ်နေသည်။

ဖိုရမ်တွင် အမှာစကားပြောသည့် စစ်ခေါင်းဆောင်က “တိုင်းရင်းသား လက်နက်ကိုင်နဲ့ အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီးပါပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားပါတယ်။” ဟု ဆိုသည်။

ယခုပြုလုပ်လျက်ရှိသည့် ဖိုရမ်၌ ငြိမ်းချမ်းရေးကိစ္စအပြင် ရွေးကောက်ပွဲအခင်းအကျင်းနှင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးကဏ္ဍကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း တက်ရောက်လာသူအချို့၏ပြောကြားချက်ကို ကိုးကားဖော်ပြသည့် စစ်ကောင်စီထိန်းချုပ် သောမီဒီယာထံမှ သိရသည်။

ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလပိုင်းအထိ အပိုင်းလိုက်ခွဲ၍ စစ်ကောင်စီက ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ပြုလုပ်ရန်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်ဘက်က ဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးလမ်းစဥ်များကို လေ့လာစောင့်ကြည့်နေသည့် Myanmar Peace Monitoring-MPM အစီအစဥ် ၏ မှတ်တမ်းများအရ ယခု ၂၀၂၅ ခုနှစ်အထိ တစ်နိုင်ငံလုံး မြို့နယ် ၉၇ ခုကို တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်။ မြို့နယ်ပေါင်း ၂၃၃ ခုထက်မနည်းတွင် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့ သည်ဟုလည်း ISP-Myanmar က မှတ်တမ်းဖော်ပြသည်။

Photo: VOM

လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်လျက်ရှိသော မြန်မာပြည်တောင်ပိုင်းအခြေစိုက် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးကမူ မိမိတို့နယ်မြေ၌ ရွေးကောက်ပွဲလုပ်ခွင့်မပြုဟု အတိအလင်း သဘောထားထုတ်ပြန်ထားသလို တော်လှန်ရေး၊ နိုင်ငံရေးအင်အားစု အများအပြားကလည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်မခံဟု အသီးသီးတုန့်ပြန်ထားကြသည်။ ယခုပြုလုပ်နေသည့် ငြိမ်းချမ်းရေးဖိုရမ်၌လည်း စစ်ကောင်စီဆန့်ကျင်သည့်အဖွဲ့များ ပါဝင်ကြခြင်းမရှိပါ။

တဖက်တွင်လည်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များအရ ဇွန်လအကုန်အထိ အပစ်ရပ်ကြေ ညာထားသည့် စစ်ကောင်စီက တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများတွင် စစ်ကြောင်းထိုး၊ ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။ ISP-Myanmar ၏ မေလ ၁၂ ရက်နေ့က အစီရင်ခံ စာတွင်လည်း အပစ်ရပ် ကာလအတွင်း စစ်တပ်က နိုင်ငံအနှံ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၇၄၁ ကြိမ် ထက်မနည်းရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ငြိမ်းချမ်းရေးဖိုရမ်တက်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လက်နက်ကိုင်လမ်းစဥ်နဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတော်မှာဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ဖွံဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူလက်တွဲလုပ်ဆောင်ဖို့လိုတယ်” ဟု တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ရည်ညွှန်းပြောဆိုသည်။

ရွေးကောက်ပွဲမတိုင်မှီပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ သည် မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ နေပြည် တော်၌ပြုလုပ်သွားသော ငြိမ်းချမ်းရေးစကားဝိုင်း(Peace Talk)-၂၀၂၅ ပြီးနောက် ဆက်လက်ကျင်းပခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် စစ်ကောင်စီက NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်တက်ရောက်စေခဲ့ပြီး နိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများလျှော့ချနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။